စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်ရှိ Yathar Cho Industry Co., Ltd. နှင့် Cho Cho Industry Ltd. တို့၏ အသင့်စားခေါက်ဆွဲခြောက်မျိုးစုံနှင့် စားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိပြီး ခေါက်ဆွဲခြောက်များ ထုတ်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဦးမှ အသင့်စားခေါက်ဆွဲခြောက်များ ထုတ်လုပ်မှု၊ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ အနံ့အရသာမတူညီသည့် အမယ်သစ်များ တိုးတက် ထုတ်လုပ်နိုင်မှုနှင့် စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ ကိုးရီးယားနှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ နိုင်မှု၊ ပြည်တွင်းဖြန့်ဖြူးရောင်းချနိုင်မှုနှင့် ထုတ်ကုန်ပစ္စည်းအမယ်သစ်များ ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပို့ကုန်နှစ်ဆ တိုးမြှင့် တင်ပို့ရန်၊ စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ ကို အသုံးပြုရန်၊ နိုင်ငံတကာဈေးကွက်တွင် ကောင်းစွာယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်စံနှုန်းများနှင့် အညီ ထုတ်လုပ်တင်ပို့ရန်၊ ဈေးကွက်ဝင်ရောက်ရန် လိုအပ်သည့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ စုံလင်စွာရရှိရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်စီမံဆောင်ရွက်ရန်တို့အား မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ Myanmar Ixora Company ၏ ဖိနပ်အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ရှိသူတစ်ဦးက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကုန်ကြမ်းပစ္စည်းများ တင်သွင်း ပြီး အိမ်တွင်းစီး ဖိနပ်အမျိုးမျိုးထုတ်လုပ်၍ ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချနေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း ဖိနပ်အမျိုးမျိုးထုတ်လုပ် နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဂျပန်နိုင်ငံဈေးကွက်သာမက အခြားနိုင်ငံဈေးကွက်များသို့ တိုးချဲ့ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများအား ယခုထက် ပိုမိုအစားထိုးအသုံးပြုရန်၊ ဖိနပ်အမျိုးအစားသစ်များ ထုတ်လုပ်တင်ပို့နိုင်ရေးဆောင်ရွက်ရန်နှင့် ပို့ကုန် နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General