အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်လှစ်
	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်) တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်း အမှတ်စဉ်(၈)ကို ဇွန် ၁၅ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို အဆိုပါသင်တန်း ကျောင်းတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုပညာ ပြန့်ပွားရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမိုမြန်ဆန်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပြီး ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကိုလည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းကဲ့သို့သော လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လုပ်ငန်းနယ်ပယ်အသီးသီးရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ပါတယ်။ ဒါကြောင့်ကုန်သွယ်ရေးကဏ္ဍစဉ်ဆက်မပြတ် တိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ် ဧပြီလမှစတင်၍ ကုန်သွယ်မှုသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ရာ ၂၀၁၆ ခုနှစ် အထိ ကုန်သွယ်မှုသင်တန်း ခုနစ်ကြိမ်နှင့် အဆင့်မြင့်သင်တန်း သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၆၀၁ ဦး တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသစ်အနေဖြင့် ရက် ၁၀ဝ စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ကုန်သွယ်မှု
	လျင်မြန်ချောမွေ့စေရေးအတွက် Fully Online Licensing System ကို စတင်ကျင့်သုံးနိုင် ဖို့ ဆောင်ရွက်ပေးခဲ့ရာတွင် ပို့ကုန် ၂၈မျိုး၊ သွင်းကုန် ၁၅ မျိုး ကို စတင်ဆောင်ရွက်ပေးခဲ့ပြီး လာမယ့် ဇူလိုင်လမှာ CMP စနစ်ရဲ့ လိုင်စင်လျှောက် ထားမှုများကို Fully Online Licensing System ဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ ယင်းကဲ့သို့သော အကြောင်းအရာများကို လည်း ယခုသင်တန်းတွင် ထည့်သွင်းပို့ချသွား မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့သည်။ အဆိုပါသင်တန်းကို ဇွန် ၁၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာနေ့တို့ တွင် နံနက် ၉နာရီမှ နေ့လယ် ၁၂နာရီအထိ တက်ရောက်ရမည်ဖြစ်ရာ သင်တန်းကာလမှာ လေးလကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။ ယင်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၅ ဦး တက်ရောက်ကြောင်းသတင်းရရှိသည်။
                        Agency Ministry of Foreign Affairs
                        
                        Category General