5TH CHINA –SOUTHEAST ASIA BUSINESS FORUM သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် “ ( ၇ ) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ” (7th China-South Asia Exposition  and 27th  China(Kunming) Export/ Import Fair) သို့ တက်ရောက်ရန် ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ဩဂုတ်လ ၁၇ ရက်နေ့၊ ဒေသစံတော်ချိန် နံနက်(၉:၃၀) အချိန်တွင် Wyndham Hotel ၌ ကျင်းပသည့် ၅ ကြိမ်မြောက် တရုတ်-အရှေ့ တောင်အာရှ စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Na Yunde၊  အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သည်များအသင်း ဥက္ကဋ္ဌတို့က အသီးသီးအဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။

အဆိုပါဖိုရမ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို အာရုံစိုက်ဆောင်ရွက်ရန် အရေးပါသောအချိန်ကာလ ဖြစ်ပါကြောင်း၊ ယခုနှစ်ဖိုရမ်၏ အဓိကဆောင်ပုဒ်ဖြစ်သော “စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ရန် ဒေသတွင်းစက်မှုလုပ်ငန်း ကွင်းဆက်ကို အားပေးမြှင့်တင်ရန်”ဆိုသည့်အချက်ကို ထောက်ခံပါကြောင်း၊ ဤဆောင်ပုဒ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့်အချက်ကို အထူးပြုနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တက်ကြွစွာပါဝင်ဆောင်ရွက်လျှက်ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍ များစွာတွင်  ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများတိုးချဲ့ရန် အလားအလာများစွာရှိနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်တည်ငြိမ်ရေး အတွက် မောင်းနှင်အားတစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့်အလမ်းကောင်းများကို ဖေါ်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံအသီးသီး၏ မူဝါဒများနှင့် လိုအပ်ချက်များ၊ ရည်မှန်းချက်များအပေါ်တွင် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဖိုရမ်ကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပခဲ့ရာ ၅ ကြိမ်မြောက် တရုတ် - အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်၏ အလှည့်ကျသဘာပတိအဖြစ် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ဆောင်ရွက်ခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် အရှေ့တောင်အာရှ နိုင်ငံများမှ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းများမှ ဥက္ကဋ္ဌများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲများမှ အစိုးရကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်အတူ ကူမင်းမြို့၊ Haigeng Garden Hotel တွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယွီပေါမှ တည်ခင်းဧည့်ခံသော အလုပ်သဘောနေ့လည်စာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General