၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်လယ်အော်ဒေသ (ကျူးဟိုင်) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ အခြေစိုက်သည့် အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre-ACC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် မှ ၃၀ ရက်အထိ တရုတ်နိုင်ငံ၊ ကွမ်းတုန်းပြည်နယ်၊ ရှန်းကျန်း မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်လယ်အော်ဒေသ (ကျူးဟိုင်) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2023 ASEAN-China Greater Bay Area (Qianhai) Economic Cooperation Forum) သို့ တက်ရောက်ခဲ့ပါသည်။

တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ အာဆီယံတရုတ် ပူးပေါင်းဆောင်ရွက်ပြီး မဟာပင်လယ်အော်ဒေသ၏ အခန်းကဏ္ဍကို  အလေးပေး ထည့်သွင်းဆွေးနွေးရန်ရည်ရွယ်ချက်ဖြင့် အာဆီယံ-တရုတ် ဗဟိုဌာနက ဖိုရမ်ကိုဦးဆောင်ကျင်းပခြင်း ဖြစ်ပါသည်။

အဆိုပါဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၉ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် (၀၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါပြီး အာဆီယံ-တရုတ် စီးပွားရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်၌ တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့်အတူ ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကိုမြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ီဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခုဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဖိုရမ်တွင်ဆွေးနွေးမည့် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ ဆွေးနွေးချက်များသည် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ီဂျစ်တယ်စီးပွားရေးနယ်ပယ်များတွင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့် တင်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ မဟာပင်လယ်အော် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် တရုတ်နိုင်ငံတွင်သာမက အာဆီယံနိုင်ငံများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံနိုင်ငံများသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ချိတ်ဆက်မှုနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးစသည့် ကဏ္ဍများတွင် အထူးအလေးပေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးနှင့် Guangdong - HongKong-Macao မဟာပင်လယ်အော်ဒေသ တည်ဆောက် ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖိုရမ်တွင် ဆွေးနွေးမှုများသည် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ပိုမို ကောင်းမွန်တိုးတက်ရေးနှင့် အာဆီယံနှင့် မဟာပင်လယ်အော်ဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာတွင် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်မည့် ရလဒ်ကောင်းများရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သော မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အာဆီယံနှင့် မဟာပင်လယ်အော်ဒေသတို့အကြား စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ၌ အဓိကဆွေးနွေးသူအဖြစ် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အကြီးအမှူးများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် အတူ အာဆီယံ-တရုတ်ဗဟိုဌာန၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Shi Zhongjun၊ တရုတ်နိုင်ငံ၊ ရှန်ကျန်းပြည်နယ်အစိုးရ၏ ဒုတိယမြို့တော်ဝန် Mr. Wang Shourui တို့က တက်ရောက်ခဲ့ကြပါ သည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မလေးရှားနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာနမှ ဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဘရူးနိုင်းနိုင်ငံသံအမတ်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ၏ စက်မှုနှင့်ကုန် သွယ်ရေးဌာန၏ ဒုတိယအကြီးအကဲတို့က ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအဖြစ် ဦးဆောင် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စုစုပေါင်း ကိုယ်စားလှယ်ဦးရေ (၅၀၀) ခန့်တက်ရောက်ခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General