ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများ တွေ့ဆုံပွဲတွင် ကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် စပ်လျဉ်းသည့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ (၁၄:၀၀)နာရီ၊ နေ့လည်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်ညီနောင်အသင်းအဖွဲ့(၁၈)ခုမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး (၃၈) ဦးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုအစည်းအဝေးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ ညီနောင်အသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲ၌ လုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်‌ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ပြန်လည်မြှင့်တင်နိုင်ရေး ဘက်ပေါင်းစုံမှနေ၍ အစိုးရနှင့်ပုဂ္ဂလိက လက်တွဲကြိုးပမ်းဆောင်ရွက်ရာတွင် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများအပေါ် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးရန်ဖြစ်ပါကြောင်း၊ လက်တွေ့ထိရောက်သည့် နည်းလမ်းများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်‌အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် မူတည်၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ပါက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့် နှမ်းများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း၌ ဆီထုတ်လုပ်ခြင်းလုပ်ငန်းများ၌ အသုံးပြုဆောင်ရွက်မည်ဆိုပါက ဆီစက်များလည်ပတ်ရခြင်း၊ တိရစ္ဆာန်အစာအတွက် လိုအပ်သည့် နှမ်းဖတ်၊ ပဲဖတ်များရရှိခြင်း၊ အလုပ်အကိုင်များ ရရှိခြင်းများ ဖြစ်ပေါ်ပြီး ပြည်တွင်းဆီဖူလုံမှုများကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဦးတည်ချက် (၁၂) ချက်တွင် ပါရှိသည့်အချက်များကို အလေးထားဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်အတွက် အားပေးဆောင်ရွက်ရန် လိုအပ်သဖြင့် ပေါင်းစပ်ညှိနှိုင်း ကြရမည်ဖြစ်ကြောင်းနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲတွင် ပုဂ္ဂလိကကဏ္ဍမှ တင်ပြချက်များအပေါ် အသေးစိတ်ထပ်မံတင်ပြခြင်းနှင့် ထပ်မံဖြည့်စွက်တင်ပြလိုသည်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့် အခြေအနေများကိုလည်းကောင်း တင်ပြခဲ့ရာ ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက်ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General