စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ (မူကြမ်း)နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ (မူကြမ်း)နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်စုံ၊ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်ရာတွင် မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများပေါများစေရေး၊ ကုန်သွယ်မှုလုပ်ငန်းများချောမွေ့စေရေး၊ တီထွင်ဖန်တီးမှုများ တိုးတက်စေရေးတို့အတွက် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး တီထွင်သူများနှင့် တီထွင်မှုကို အသုံးပြုသူများအကြား နည်းပညာဗဟုသုတနှင့် လူမှုစီးပွားဘဝသာယာဝပြောရေးများကို အပြန်အလှန် အကျိုးပြုစေရန်၊ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူးလွှဲပြောင်းရေးတို့ကို မြှင့်တင်နိုင်ခြင်း အားဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တီထွင်ဖန်တီးသော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးအတွက် အားပေးရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ (မူကြမ်း) အား ရေးဆွဲခဲ့ပြီး အဆိုပါနည်းဥပဒေများ (မူကြမ်း)အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ တောင်းခံရရှိထားပြီးဖြစ်ပါ၍ ယခုညှိနှိုင်းအစည်း အဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များနှင့်အညီ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် ပြီး နည်းဥပဒေအတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံတို့က တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ(မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှုအခြေအနေ၊ ပြင်ဆင်ထားရှိမှုအခြေအနေများကို PowerPoint ဖြင့် ရှင်းလင်းတင်ပြရာ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General