မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်အမှာစကား ပြောကြား

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် မြန်မာ့ကော်ဖီပို့ကုန် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Task Force) အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နိုင်ရေးအတွက် ကော်ဖီအဓိက တင်ပို့ရောင်းချသော နိုင်ငံဖြစ်လာစေရန်ရည်ရွယ်၍ ကော်ဖီတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော မူဝါဒများချမှတ်ခြင်းအပါအဝင် ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ရန် ကော်ဖီဗဟိုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ဗဟို အဖွဲ့၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန်အတွက် ကြီးကြပ်မှုကော်မတီ (၃) ခု ကို ဖွဲ့စည်းထားမှု၊ နိုင်ငံအတွင်း ကော်ဖီကိုတိုးချဲ့စိုက်ပျိုးရာတွင် ကော်ဖီတန်ဖိုး ကွင်းဆက်လုပ်ငန်းများ ဖွံ့ဖြိုးမှုရှိစေရေးအတွက်  မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Myanmar Coffee Export Promotion Task Force)” ကို  ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍ ကော်ဖီအဓိက စိုက်ပျိုးထွက်ရှိသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရွာငံမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ များသို့ သွားရောက်ဆွေးနွေးခဲ့သည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာ့ကော်ဖီပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကော်ဖီစိုက်ပျိုးထွက်ရှိမှု၊ တိုးချဲ့စိုက်ပျိုးလာမှု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံဖြိုးတိုးတက်စေရေး အတွက် ချေးငွေထုတ်ပေးနိုင်မှု၊ ကော်ဖီစိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်ရရှိနိုင်ရေးအပါအဝင် အရည်အသွေး မြှင့်ထုတ်လုပ် နိုင်ရေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်မှုအခြေအနေ၊ ကော်ဖီသီးနှံများမှ ကော်ဖီကုန်ချောထုတ်လုပ်သည့် စက်ပစ္စည်း ကိရိယာများကို ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စွာ တင်သွင်းခွင့်ရရှိနိုင်ရေးနှင့် မြေယာသုံးစွဲမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ တနင်္သာရီတိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် ပြင်ဦးလွင်၊ ရွာငံ၊ ဟိုပုံးဒေသများရှိ ကော်ဖီအစုအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General