ပို့ကုန်သွင်းကုန်ဥပဒေ

ပို့ကုန်သွင်းကုန်ဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇။)

၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်

(၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဌာန်းလိုက်သည်။

 

အခန်း(၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။      ဤဥပဒေကို ပို့ကုန်သွင်းကုန်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည် -

          (က)   နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုဆိုသည်။

(ခ)     တင်ပို့ခြင်းဆိုသည်မှာ ကုန်ပစ္စည်းတစ်ရပ်ရပ်ကိုကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် နိုင်ငံတော်ပြင်ပသို့ တင်ပို့ခြင်းကိုဆိုသည်။

(ဂ)     တင်သွင်းခြင်း ဆိုသည်မှာ ကုန်ပစ္စည်းတစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေ ကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် နိုင်ငံတော် အတွင်းသို့ တင်သွင်းခြင်းကိုဆိုသည်။

(ဃ)    ပို့ကုန်သွင်းကုန် ဆိုသည်မှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း  သို့မ ဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့်နိုင်ငံတော်ပြင်ပသို့တင်ပို့သည့် သို့မဟုတ်  နိုင်ငံတော်အတွင်းသို့ တင်သွင်းသည့် ကုန်ပစ္စည်း သို့မဟုတ် နည်းပညာ တစ်ရပ်ရပ်ကိုဆိုသည်။

(င)     ခွင့်ပြုချက်  ဆိုသည်မှာကုန်ပစ္စည်းတစ်ခုခုကိုတင်ပို့ရန်ဖြစ်စေ၊ တင်သွင်းရန် ဖြစ်စေ၊ ဝန်ကြီးဌာနက ထုတ်ပေးသည့်ခွင့်ပြုချက်ကိုဆိုသည်။

(စ)     ကုန်သွယ်ရေးစခန်း ဆိုသည်မှာ ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များကို တရားဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသော ပြည်တွင်း သို့မဟုတ် ပြည်ပရှိ နေရာဒေသ၊ စခန်း၊ ရုံး သို့မဟုတ် အခြားနေရာတစ်ခုခုကိုဆိုသည်။

(ဆ)    ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကို ဆိုသည်။

(ဇ)     ဝန်ကြီး ဆိုသည်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကို ဆိုသည်။

 

အခန်း(၂)

ရည်ရွယ်ချက်

၃။      ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အခြေခံမူများကို အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်၊

(ခ)     နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ပို့ကုန် သွင်းကုန် ဆိုင်ရာ မူဝါဒများကို ချမှတ်နိုင်ရန်၊

(ဂ)     နိုင်ငံတော်၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများနှင့် ဆောင်ရွက်ချက်များ သည် နိုင်ငံတကာကုန်သွယ်မှုစံများနှင့်အညီ ဖြစ်စေရန်၊

(ဃ)    ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ချောမွေ့လွယ်ကူ မြန်ဆန်စေရန်။

 

အခန်း(၃)

ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ကြီးကြပ်ကွပ်ကဲခြင်း

၄။      ဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်နိုင်သည် -

(က)    ပို့ကုန်သွင်းကုန်၏ ပစ္စည်းအမျိုးအမည်နှင့် အဆင့်အတန်းများ သတ်မှတ် ခြင်း၊

(ခ)     ပို့ကုန်သွင်းကုန်အတွက် ကန့်သတ်ကုန်ပစ္စည်း၊ တားမြစ်ကုန်ပစ္စည်း၊ ပိတ် ပင်ကုန်ပစ္စည်းများ သတ်မှတ်ခြင်း၊

(ဂ)     ပို့ကုန်သွင်းကုန်ကို တင်ပို့ခြင်းနှင့် တင်သွင်းခြင်း ပြုရမည့်နည်းလမ်း နှင့် အခြားလိုအပ်သော စည်းကမ်းချက်များသတ်မှတ်ခြင်း၊

(ဃ)    ပို့ကုန်သွင်းကုန်အတွက် ခွင့်ပြုချက်ထုတ်ပေးခြင်းနှင့် ခွင့်ပြုချက်ဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(င)     ပို့ကုန် သွင်းကုန်ကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုလုပ်ရမည့် ဆိပ် ကမ်း၊ လေဆိပ်၊ ယာဉ်စခန်း စသည့်နေရာများနှင့် သက်ဆိုင်သော စည်း မျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ခြင်း၊

(စ)     ပို့ကုန်သွင်းကုန်ဆိုင်ရာ အခြားလိုအပ်သောကိစ္စရပ်များ ဆောင်ရွက်ခြင်း။

 

အခန်း(၄)

တားမြစ်ချက်များ

၅။      မည်သူမျှ ကန့်သတ်တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းမပြုရ။

၆။      မည်သူမျှ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက် ရယူခြင်းမရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းမပြုရ။

၇။      မည်သည့်ခွင့်ပြုချက်ရရှိသူမျှ ခွင့်ပြုချက်ပါစည်းကမ်းချက်များကို ဖောက်ဖျက် ခြင်းမပြုရ။

         

အခန်း(၅)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၈။      မည်သူမဆို ပုဒ်မ ၅ သို့မဟုတ် ပုဒ်မ ၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉။      မည်သည့်ခွင့်ပြုချက် ရရှိသူမဆို ပုဒ်မ ၇ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ​ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၀။    ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်အားထုတ်သူ သို့မဟုတ် အားပေး ကူညီသူအား ယင်းပြစ်မှုကို ကျူးလွန်သူဖြစ်ဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည့်ပြင် ပြစ်မှု ကျူးလွန်ရာ၌ အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း ဆည်းရမည်။

 

အခန်း(၆)

အထွေထွေ

၁၁။    ပြည်ထောင်စုအစိုးရအဖွဲ့သည် ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများကို ချမှတ်ရမည်။ ယင်းမူဝါဒများကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စ ရပ်များ ချောမွေ့လွယ်ကူစေရန် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့က ပေါင်းစပ်ညှိနှိုင်းပေးရမည်။

၁၂။    ဤဥပဒေအရ အရေးယူအပြစ်ပေးမှုသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ အရ အရေးယူမှုအား ပိတ်ပင်ခြင်းမရှိစေရ။

၁၃။    ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က)    ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင် သည်။

(ခ)     ဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၁၄။    The Control of Imports and Exports (Temporary) Act, 1947 အရ ထုတ်ပြန်ခဲ့ သော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၁၅။    The Control of Imports and Exports (Temporary) Act, 1947 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

 

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General

file_downloadဒေါင်းလုပ်