အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ ကိုပြင်ဆင်သည့်ဥပဒေ
( နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
ဥပဒေအမှတ် ၁၄/ ၂၀၁၁ )
၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော်  ၈  ရက်
(၂၀၁၁ ခုနှစ် ဇန်နဝါရီလ  ၂၇  ရက်)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ သည် ဤဥပဒေကို ပြဌာန်းလိုက် သည်။
၁။      ဤဥပဒေကို အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ ကိုပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ တွင်ပါရှိသော “အိမ်တွင်းစက်မှု လက်မှုလုပ်ငန်း” ဆိုသည့်စကားရပ်ကို “ အသေးစားစက်မှုလက်မှုလုပ်ငန်း” ဆိုသည့် စကား ရပ်ဖြင့်အသီးသီး အစားထိုးရမည်။
၃။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ  ပုဒ်မ ၁ ကို အောက်ပါအတိုင်း အစားထိုးရမည်။
          “၁။    ဤဥပဒေကို အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ ကို ပြင်ဆင် သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။”
၄။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ ပုဒ်မ ၂ တွင်-
          (က)    ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
          “(က)  အသေးစားစက်မှုလက်မှုလုပ်ငန်း ဆိုသည်မှာ မိသားစုဝင်များဖြင့် သော်လည်းကောင်း၊ အလုပ်သမားငှားရမ်း အသုံးပြု၍သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကုန်ပစ္စည်းထုတ်လုပ်သည့် သို့မဟုတ်  ပြုပြင် မွမ်းမံသည့် မြင်းကောင်ရေ ၀.၂၅ နှင့်အထက် ၅ ကောင်အား နှင့် အောက် အသုံးပြုသည့် အလုပ်သမား ၉ ဦးထက်မပိုသော အိမ်တွင်းစက်မှုလုပ်ငန်း နှင့် အလုပ်သမား ၃ ဦး နှင့် အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများကို ဆိုသည်။”
(ခ)     ပုဒ်မခွဲ (ဂ) တွင် “ ယင်းစကားရပ်တွင် ကာယစွမ်းအားဖြင့် ဖြစ်ပွားစေသည့် အား မပါဝင်” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
၅။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ ပုဒ်မ ၃ တွင်-
          (က)    ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ)   နိုင်ငံ၏စီးပွားရေး အခြေခံအင်အား တစ်ရပ်ဖြစ်သည့် အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးစေရန်၊ ပုဂ္ဂလိက စက်မှုလက်မှုကဏ္ဍ ပိုမိုတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး အသားတင် ထုတ်လုပ်မှုတန်ဖိုး တွင် စက်မှုလက်မှုကဏ္ဍ ပါဝင်မှုအချိုးအစားမြှင့်တင်နိုင်ရန်။”
(ခ)     ပုဒ်မခွဲ (ဇ) ၏နောက်တွင် ပုဒ်မခွဲ (ဈ) ၊ (ည) နှင့် (ဋ)  တို့အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
“(ဈ)   အလတ်စားနှင့် အကြီးစား စက်မှုလက်မှုလုပ်ငန်းများ အတွက် အထောက်အကူပြုလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်၊
(ည)    ပတ်ဝန်းကျင်ကို ပျက်စီးစေမည့် လုပ်ငန်းများ မပေါ်ပေါက်စေရေး အတွက် ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်၊
(ဋ)     စက်မှုဒေသ အချင်းချင်း လုပ်ငန်းရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်ကြစေရန်။”
၆။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (င) ၌ ပါရှိသော “အကူအညီရယူနိုင်ခြင်း” ဆိုသည့်စကားရပ်နောက်တွင် “ နှင့် ပြည်ပနှင့် စီးပွားရေးလုပ်ငန်း စာချုပ်များချုပ်ဆို လုပ်ကိုင်ခြင်း” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
၇။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ ပုဒ်မ ၉ တွင်
          (က)    ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်းအ စားထိုးရမည်-
“(ခ)   အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော နည်းပညာများ ဖော်ထုတ်ခြင်း၊ စမ်းသပ်တီထွင်ခြင်း၊ နည်း ပညာ သင်တန်းအစီအစဉ်နှင့် သတင်းအချက်အလက် ဖြန့်ဖြူးခြင်း များကိုဆောင်ရွက်ခြင်း။”
(ခ)     ပုဒ်မခွဲ (ဃ) ၌ ပါရှိသော “ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
(ဂ)     ပုဒ်မခွဲ (ဈ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
          “(ဈ)   အသေးစားစက်မှုလက်မှု လုပ်ငန်းများကို အများပြည်သူတို့ သိရှိနိုင် ရန်နှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်စပ်နိုင်ရန် သတင်းအချက် အလက် ပြန့်ပွားစေမည့်နည်းလမ်းများ အသုံးပြု၍ ဆောင်ရွက်ပေးခြင်း။”        
၈။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“(က)  ပုဒ်မ ၅ အရ မှတ်ပုံတင်ပေးထားသော အသေးစားစက်မှုလက်မှု လုပ်ငန်းများကို စစ်ဆေးခြင်းနှင့် စာရင်းများတောင်းခံခြင်း။”
၉။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ တွင်-
          (က)    ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဂ) ကို ပယ်ဖျက်ရမည်၊
(ခ)     ပုဒ်မ ၁၉ ၊ ပုဒ်မခွဲ (ခ) တွင်ပါရှိသော “ကျပ်တစ်သောင်း” ဆိုသည့် စကားရပ်ကို “ကျပ် ငါးသောင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၀။    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ အခန်း (၉) ၏ ခေါင်းစဉ် “ တားမြစ် ချက် နှင့် ပြစ်ဒဏ်” ဆိုသည့်စကားရပ်ကို “ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၁၁။    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ အခန်း (၉) ၏ နောက်၌ အခန်း(၁၀) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
အခန်း ( ၁၀ )
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၂၂။     မည်သူမဆို ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ အသေးစားစက်မှု လက်မှု လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ် ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်း အထိချမှတ်ရမည်။
၂၃။    မည်သူမဆို ပုဒ်မ ၂၂ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက် ယင်းပြစ်မှုကို ဆက်လက်ဖောက်ဖျက်ကျူးလွန်ပါက ဆက်လက်ဖောက်ဖျက်ကျူးလွန်ခြင်း ပြုသည့်နေ့ အသီး သီး အတွက် ထိုသူကို တစ်နေ့လျှင် ငွေဒဏ် ကျပ်ငါးရာ ချမှတ်ရမည်။
၁၂။    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ အခန်း (၁၀) ကို အခန်း (၁၁) အဖြစ်လည်းကောင်း ပုဒ်မ ၂၂ နှင့် ၂၃ တို့ကို ပုဒ်မ ၂၄ နှင့်၂၅ တို့အဖြစ်လည်းကောင်း အသီးသီး ပြန်လည်အမှတ်စဉ်ရမည်။
၁၃။    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ တွင် ပြန်လည်အမှတ်စဉ်ထားသော ပုဒ်မ ၂၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-
          “၂၅။  ဤဥပဒေပါပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က)    ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သော လုပ်ထုံးလုပ်နည်း များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။
(ခ)     ဦးစီးဌာနသည် လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန် နိုင်သည်။”
(ပုံ)     သန်းရွှေ
  ဗိုလ်ချုပ်မှူးကြီး
                                                     ဥက္ကဌ
နိုင်ငံတော်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General
file_downloadဒေါင်းလုပ်