အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေး ဥပဒေ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း မြှင့်တင်ရေး ဥပဒေ

(  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၃/၉၁ )

၁၃၅၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း  ၂  ရက်

(  ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်  )

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ သည် အောက်ပါ ဥပဒေကို ပြဌာန်း လိုက်သည်။

 

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်

၁။      ဤဥပဒေကို အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေဟု ခေါ်တွင်စေရမည်။

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည်-

(က)    အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း ဆိုသည်မှာ မိသားစုဝင်များဖြင့် သော်လည်း ကောင်း၊ အလုပ်သမား  ငှားရမ်း အသုံးပြု၍သော်လည်းကောင်း၊ စုပေါင်း၍သော် လည်း ကောင်း ကုန်ပစ္စည်းထုတ်လုပ်သော၊ ပြုပြင်မွမ်းမံသော အသေးစား စက်မှုလက်မှု လုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် မြင်းကောင်ရေ သုံးကောင်အား အောက် အသုံးပြု၍ အလုပ်သမား ကိုးဦးထက်မပိုသော အသေးစား စက်မှုလုပ်ငန်းများနှင့် အလုပ်သမားအရေအတွက် ကန့်သတ်ခြင်း မရှိသော လက်မှုလုပ်ငန်းများလည်း အကျုံးဝင်သည်၊

(ခ)     လုပ်ငန်းရှင် ဆိုသည်မှာ ဤဥပဒေအရ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်ရန် မှတ်ပုံတင်ခွင့်ရရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် အမွေစား အမွေခံ၊ တရားဝင်ကိုယ်စားလှယ်နှင့် တရားဝင်ဆက်ခံသည့် အဖွဲ့အစည်း တို့လည်းပါဝင်သည်၊

(ဂ)     အား ဆိုသည်မှာ လျှပ်စစ်ဓာတ်အား၊ စက်ကိရိယာဖြင့် ဖြစ်ပွားစေသည့် အား သို့မဟုတ် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖြစ်ပွားစေသည့် အား ကိုဆိုသည်၊

(ဃ)    ဝန်ကြီးဌာန ဆိုသည်မှာ သမဝါယမ ဝန်ကြီးဌာနကို ဆိုသည်၊

(င)     ဝန်ကြီး ဆိုသည်မှာ သမဝါယမ ဝန်ကြီးဌာန ဝန်ကြီးကို ဆိုသည်၊

(စ)     ဦးစီးဌာန ဆိုသည်မှာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို ဆိုသည်၊

(ဆ)    ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

 

အခန်း(၂)

အခြေခံမူများ

၃။      အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများ မြှင့်တင်ရေးကို အောက်ပါ အခြေခံမူများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရမည်-

(က)    ပြည်တွင်းထွက် သယံဇာတ ပစ္စည်းများကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြု၍ စက်မှုလက်မှု ကုန်ချောများ ထုတ်လုပ်ရန်၊

(ခ)     နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ အစိုးရ ဌာနနှင့် စီးပွားရေး အဖွဲ့အစည်းများမှ      ဝယ်ယူရရှိသောဘေးထွက်ပစ္စည်း၊ စွန့်ပစ် ပစ္စည်း ကုန်ကြမ်းများကို အသုံးပြု၍ စက်မှုလက်မှု ကုန်ချောများ ထုတ်လုပ်ရန်၊

(ဂ)     မြန်မာ့ရိုးရာ လက်မှုအနုပညာများ တိမ်ကောပပျောက်မှု မရှိစေရန် နှင့် ဖွံ့ဖြိုးတိုး တက်စေရန်၊

(ဃ)    အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်ပေါ်ထွန်းလာစေရန်နှင့် မိသားစု ဝင်ငွေများ တိုးပွားရရှိစေရန်၊

(င)     ဘေးဥပဒ် အန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းမီသည့် ကုန်ပစ္စည်းများကို စားသုံးသူများ ဝယ်ယူရရှိစေရန်၊

(စ)     စွမ်းဆောင်ရည်မြင့်မားစေသော ခေတ်မီ နည်းပညာများ အသုံးပြု၍ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများမြှင့်တင်ရန်၊

(ဆ)    ပြည်တွင်းတွင်သာမက ပြည်ပဈေးကွက်များအတွက်လည်း စံချိန်စံညွှန်းမီ ပစ္စည်းများ ထုတ်လုပ်ရောင်းချရန်၊

(ဇ)     သမဝါယမ အသင်းများဖွဲ့စည်းနိုင်ရေးအတွက် အထောက်အကူပြုရန်။

 

 

အခန်း(၃)

မှတ်ပုံတင်ခြင်း

၄။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်နေသူ သို့မဟုတ် လုပ်ကိုင်လိုသူသည် ဤဥပဒေအရ မှတ်ပုံတင်လိုပါက ဦးစီးဌာနက သတ်မှတ်သည့် နည်းလမ်းများနှင့် အညီ လျှောက်ထားရမည်။

၅။      ဦးစီးဌာနသည် ပုဒ်မ ၄ အရ လျှောက်ထားလာသည့် လျှောက်လွှာများကို စိစစ်ခြင်း၊ စစ်ဆေးခြင်း၊ ပြုလုပ်ပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်ပါက မှတ်ပုံတင်ပေးရမည်။

၆။      ဦးစီးဌာနသည် မှတ်ပုံတင်ကြေး၊ မှတ်ပုံတင်အသစ် လဲလှယ်ကြေးနှင့် မှတ်ပုံတင် သက်တမ်းကာလတို့ကို သတ်မှတ်ပေးရမည်။ ထို့ပြင် ဦးစီးဌာနက သတ်မှတ်ပေးသည့် ကာလ အတွင်း မှတ်ပုံတင်အသစ်လဲလှယ်ရန် ပျက်ကွက်ပါက သတ်မှတ်သည့်ဒဏ်ကြေးကိုလည်း ပေးဆောင်ရမည်။

 

အခန်း ( ၄ )

လုပ်ငန်းရှင်၏ တာဝန်နှင့် ခံစားနိုင်ခွင့်များ

၇။      လုပ်ငန်းရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    မှတ်ပုံတင်ကြေး၊ မှတ်ပုံတင်အသစ် လဲလှယ်ကြေး၊ ဒဏ်ကြေးနှင့် အခြားပေး ဆောင် ရန်ရှိသော အခွန်အခများကို ပေးဆောင်ခြင်း၊

(ခ)     ဦးစီးဌာန၏ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းကိုခံယူခြင်း၊

(ဂ)     လုပ်ငန်းလွှဲပြောင်းခြင်းနှင့် နေရပ်လိပ်စာပြောင်းရွှေ့ခြင်းတို့ကို ဦးစီးဌာနသို့ ကြို တင် အကြောင်းကြားခြင်း၊

(ဃ)    ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့က ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊

(င)     တည်ဆဲဥပဒေများကို လိုက်နာခြင်း။

၈။      လုပ်ငန်းရှင်၏ ခံစားနိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ကုန်ပစ္စည်းအရည်အသွေး မြင့်မားရေးအတွက် ဦးစီးဌာနက သတ်မှဝ်ချက်ဖြင့် လွှဲပြောင်းပေးသော နည်းပညာရပ်များကို ရယူခြင်း၊

(ခ)     မိမိထုတ်လုပ်သော စံချိန်စံညွှန်းမီ ကုန်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်များသို့ သတ်မှတ်ချက်နှင့်အညီ တင်ပို့ရောင်းချနိုင်ခွင့်ရှိခြင်း၊

(ဂ)     ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရောင်းချခြင်းဖြင့် ရရှိသော နိုင်ငံခြားငွေများကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ကုန်ကြမ်း၊ စက်နှင့် စက်ကိရိယာ အရန်ပစ္စည်းများ ဝယ်ယူနိုင်ခွင့်ရှိခြင်း၊

(ဃ)    ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် လေ့လာခြင်း၊ ဆွေးနွေးပွဲ တက်ရောက်ခြင်း၊ သင်တန်းတက်ရောက်ခြင်း၊

(င)     ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပမှ ကျွမ်းကျင်သူများ၏ အကူအညီ ရယူ နိုင်ခြင်း၊

(စ)     ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ချေးငွေများ၊ အထောက်အပံ့များ ရယူ ခြင်း၊

(ဆ)    ဦးစီးဌာနနှင့် အစိုးရဌာနများက အခါအားလျော်စွာ သတ်မှတ်ပေးသော အခြား အခွင့်အရေးများကို ခံစားခွင့်ရရှိခြင်း။

 

အခန်း ( ၅ )

ညွှန်ကြားရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၉။      ညွှန်ကြားရေးမှူးချုပ်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

          (က)    အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ခ)     အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်သော နည်းပညာရပ်များကို သတ်မှတ်ချက်ဖြင့်လွှဲပြောင်း ပေးခြင်း၊

(ဂ)     အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ တီထွင်စမ်းသပ်ခြင်းနှင့် သုတေသနပြုလုပ်ခြင်းမှ ရရှိသော ရလာဒ်များကို လုပ်ငန်းများ တိုးတက်ရေး အတွက် အသုံးပြုစေခြင်း၊

(ဃ)    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အခွန်သက်သာခွင့် ရရှိရေး အတွက် ဆောင်ရွက်ပေးခြင်း၊

(င)     ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲများတွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှ ထုတ်လုပ်သော စံချိန်စံညွှန်းမီ ကုန်ပစ္စည်းများကို ပြသနိုင်ရန်နှင့် ရောင်းချနိုင် ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊        

(စ)     နှီးနှောဖလှယ်ပွဲများ ပြုလုပ်ခြင်း၊ ကျွမ်းကျင်သူများ စုစည်းပေးခြင်း၊ ပြပွဲ ပြိုင်ပွဲပြုလုပ်၍ ဆုများချီးမြှင့်ခြင်း၊ ဉာဏ်ပူဇော်ခ ချီးမြှင့်ခြင်း၊

(ဆ)    ပြည်တွင်းပြည်ပ ချေးငွေများနှင့် ထောက်ပံ့ကြေးများ ရရှိနိုင်ရန် ညှိနှိုင်း ဆောင်ရွက် ပေးခြင်း၊

(ဇ)     အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စုပေါင်း လုပ်ကိုင်နိုင်ရန် အသင်းအဖွဲ့  ဖွဲ့စည်းပေးခြင်း၊

(ဈ)     သတင်းစာ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ တစ်ဆင့် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများကို အများပြည်သူတို့ သိရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း။

၁၀။    ညွှန်ကြားရေးမှူးချုပ်၏ လုပ်ပိုင်ခွင့် များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    ဤဥပဒေအရ မှတ်ပုံတင်သည်ဖြစ်စေ၊ မှတ်ပုံမတင်သည်ဖြစ်စေ မည်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကိုမဆို ဝင်ရောက်စစ်ဆေးခြင်း၊ စာရင်းများ တောင်းခံခြင်း၊

(ခ)     ဤဥပဒေအရ ထုတ်ပြန်သော အမိန့် သို့မဟုတ် ညွှန်ကြားချက်ကို မလိုက် နာသော လုပ်ငန်းရှင်၏မှတ်ပုံတင်ကို ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း၊

(ဂ)     အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊

(ဃ)    မိမိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဦးစီးဌာနရှိ အရာရှိတစ်ဦးဦးအားဖြစ်စေ၊ အဖွဲ့အားဖြစ်စေ လွှဲအပ်၍ ဆောင်ရွက်စေခြင်း။

 

အခန်း ( ၆ )

ဝန်ကြီး၏ လုပ်ပိုင်ခွင့်များ

၉။      ဝန်ကြီးသည် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ အောက်ပါအမိန့်များကို ချမှတ်နိုင်သည်-

          (က)    မှတ်ပုံတင်ပေးခြင်း၊

          (ခ)     မှတ်ပုံတင်ခြင်းကို ဆိုင်းငံ့ခြင်း၊

          (ဂ)     မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခြင်း။

 

၁၂။    ဝန်ကြီးသည်-

(က)    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် အစီအမံများ ချမှတ်နိုင်သည်၊

(ခ)     အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို အထောက်အကူပြုရန်နှင့် ကြီးကြပ် နိုင်ရန် လိုအပ်သည့်အဖွဲ့များကို ဖွဲ့စည်းခြင်း၊  အကြံပေးပုဂ္ဂိုလ်များကို ခန့်ထား ခြင်းပြုနိုင်သည်။ ထိုသို့ ဖွဲ့စည်းခြင်း၊ ခန့်ထားခြင်းပြုပါက ယင်းအဖွဲ့နှင့် အကြံပေးပုဂ္ဂိုလ်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။

၁၃။    ဝန်ကြီးသည်-

(က)    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဟုတ်မဟုတ်နှင့်စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာ ပါက အဆုံးအဖြတ်ပေးရမည်၊

(ခ)     ပုဒ်မခွဲ (က) အရ ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

၁၄။    ဝန်ကြီးသည် လုပ်ငန်းရှင်က တင်သွင်းလာသော အယူခံများကို အဆုံးအဖြတ် ပေးရမည်။

 

အခန်း ( ၇ )

မှတ်ပုံတင် ပျက်ပြယ်ခြင်း

၁၅။    အောက်ပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လာသည့်အခါ မှတ်ပုံတင် ပျက်ပြယ်သည်-

          (က)    မှတ်ပုံတင် သက်တမ်းကုန်ဆုံးခြင်း၊

(ခ)     လုပ်ငန်းရှင်က မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးပါရန် လျှောက်ထားခြင်း ကို ခွင့်ပြုခြင်း၊

(ဂ)     မှတ်ပုံတင် ပယ်ဖျက်ခံရခြင်း၊

(ဃ)    တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ လုပ်ငန်းရပ်စဲခံရခြင်း။

 

အခန်း ( ၈ )

အယူခံ ခြင်း

၁၆။    လုပ်ငန်းရှင်သည် ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ် ချက်ကို မကျေနပ်ပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးထံအယူခံနိုင်သည်။

၁၇။    ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

အခန်း ( ၉ )

တားမြစ်ချက်နှင့် ပြစ်ဒဏ်

၁၈။    လုပ်ငန်းရှင်သည်-

(က)    ပုဒ်မ ၇ ပါ တာဝန်သတ်မှတ်ချက် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ခြင်း မရှိစေရ၊

(ခ)     ပုဒ်မ ၈ ပါ ခံစားနိုင်ခွင့်တစ်ရပ်ရပ်ကို တစ်ဆင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အလွဲသုံးစားပြုခြင် အပြုလုပ်ရ၊

(ဂ)     နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ၊ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ အစိုးရ ဌာနနှင့် စီးပွားရေးအဖွဲ့အစည်း တစ်ရပ်ရပ်မှ ဝယ်ယူရရှိသော ဘေးထွက် ပစ္စည်း၊ စွန့်ပစ်ပစ္စည်းကုန်ကြမ်း၊ စက် ၊ စက်ကိရိယာအရန်ပစ္စည်းများကို တစ်ဆင့် လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အလွဲသုံးစားပြုခြင်းမပြုရ။

၁၉။    ပုဒ်မ ၁၈ ပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော လုပ်ငန်းရှင်သည် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်ခြင်းခံရမည်-

          (က)    သတိပေးခြင်း၊

          (ခ)     ကျပ် တစ်သောင်းထက်မပိုသော ဒဏ်ကြေးငွေကို ပေးဆောင်စေခြင်း၊

          (ဂ)     မှတ်ပုံတင်ကို နှစ်အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

          (ဃ)    မှတ်ပုံတင်ကို ပယ်ဖျက်ခြင်း။

၂၀။    ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၁၈ ပါ ပြဌာန်းချက် တစ်ရပ်ရပ် ကို ဖောက်ဖျက် ကျူးလွန်သူလုပ်ငန်းရှင်အား ပုဒ်မ ၁၉ ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်ရမည်။

၂၁။    ညွှန်ကြားရေးမှူးချုပ်က တပ်ရိုက်သော ဒဏ်ကြေးငွေကို သက်ဆိုင်ရာ လုပ်ငန်းရှင်က ပေးဆောင်ရန် ပျက်ကွက်လျှင် ယင်းဒဏ်ကြေးငွေကို အခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ဦးစီးဌာနက ​ကောက်ခံရမည်။

 

အခန်း ( ၁၀ )

အထွေထွေ

၂၂။     ဤဥပဒေအရ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ် တစ်ရပ်ရပ်သည်  တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရ အရေးယူ တရားစွဲဆိုခြင်းနှင့် သက်ဆိုင်မှုမရှိစေရ။

 

၂၃။    ဤဥပဒေပါပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနသည်-

(က)    လိုအပ်သော နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊

(ခ)     လိုအပ်သော အမိန့် ညွှန်ကြားချက်တို့ကို ထုတ်ပြန်နိုင်သည်။

(ပုံ)     စောမောင်

  ဗိုလ်ချုပ်မှူးကြီး

                                                     ဥက္ကဌ၊

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့။

 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General

file_downloadဒေါင်းလုပ်