မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ြျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ဥပေဒ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆။)

(၁၆/၂ဝ၁၃)

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

 

အခန်း(၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။      ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည့် ဖော်ပြပါအတိုင်းအဓိပ္ပါယ်သက်ရောက် စေရမည် -

          (က)    နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

          (ခ)     အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ကိုဆိုသည်။

          (ဂ)     ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ဆိုသည်။

          (ဃ)    ဗဟိုဘဏ်ဆိုသည်မှာ  ဤဥပဒေအရ တည်ထောင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုသည်။

          (င)     ဘဏ် ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရတည် ထောင်သောဘဏ်ကိုဆိုသည်။

          (စ)     ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်း များဥပဒေအရ တည်ထောင်ခွင့်ပြုထားသော အဖွဲ့အစည်းကိုဆိုသည်။

          (ဆ)    ငွေစက္ကူ ဆိုသည်မှာ ဗဟိုဘဏ်က ဤဥပဒေအရဖြစ်စေ၊ ယခင်ကဖြစ်စေ၊ ထုတ်ထားသော တရားဝင်ငွေစက္ကူကိုဆိုသည်။

          (ဇ)    ဒင်္ဂါး ဆိုသည်မှာ ဗဟိုဘဏ်ဤဥပဒေအရဖြစ်စေ၊ ယခင်ကဖြစ်စေ ထုတ်ထားသော တရားဝင် ဒင်္ဂါးနှင့်ငွေအကြွေကိုဆိုသည်။

          (ဈ)     နိုင်ငံခြားသုံးငွေ ဟူသောစကားရပ်တွင် အောက်ပါတို့ပါဝင်သည် -

                   (၁)     နိုင်ငံခြားငွေ ငွေသား၊

                   (၂)     နိုင်ငံခြားငွေ ငွေသားဖြင့်ပေးချေရမည့် သို့မဟုတ် ပြည်ပတွင်ပေးချေရမည့်  စာချုပ်စာတမ်းများ၊

                   (၃)     နိုင်ငံတကာအစိုးရ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားရှိဗဟိုဘဏ် များ၊ ငွေတိုက်များနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင် ထားရှိသော အပ်ငွေများ၊

                   (၄)     တစ်နိုင်ငံမှတစ်နိုင်ငံသို့ငွေများလွှဲပြောင်းရာတွင် အသုံးပြုသည့်စာချုပ်စာတမ်း များ၊

                   (၅)     ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားရှိသောငွေစာရင်းများ။

          (ည)    ရွှေ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာအပေးအယူပြုလုပ်မှု၌ သတ်မှတ်အသုံးပြုသည့် စံချိန်မီရွှေချောင်း၊ ရွှေတုံးနှင့်ရွှေဒင်္ဂါးများကိုဆိုသည်။

          (ဋ)     လှည့်လည်သုံးစွဲငွေ ဆိုသည်မှာ ဗဟိုဘဏ်လက်ဝယ်ရှိ ငွေစက္ကူနှင့်ဒင်္ဂါးများမှအပ လှည့် လည်သုံးစွဲလျှက်ရှိသည့် သုံးစွဲငွေကိုဆိုသည်။

          (ဌ)     အထွေထွေသီးသန့်ငွေစာရင်း ဆိုသည်မှာ အစိုးရအဖွဲ့၏ ကနဦးထည့်ဝင်ငွေတစ်ရပ်ဖြင့် ဗဟိုဘဏ်ကိုမတည် တည်ထောင်ပြီးနောက်နှစ်စဉ်နှစ်ကုန်ဆုံးသည့်အခါတိုင်း ရရှိသော အသားတင်အမြတ်ငွေမှ သတ်မှတ်ထားသည့် ရာခိုင်နှုန်းတစ်ရပ်ဖြင့်ခွဲဝေပေးသွင်းရပြီး ဗဟိုဘဏ်၏မတည်ငွေရင်း၏ ၁၀၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်အထိ ထည့်ဝင်ရသည့် ငွေစာရင်းကိုဆိုသည်။

          (ဍ)     အထူးသီးသန့်ငွေစာရင်း ဆိုသည်မှာ ဗဟိုဘဏ်က အထူးကိစ္စရပ်အတွက် တည်ထောင် ထားသည့် ငွေစာရင်းကိုဆိုသည့်။

          (ဎ)     လျှော့နှုန်း ဆိုသည်မှာ လျှော့နှုန်းဖြင့် ချေးငွေအစီအစဉ်အရ ဗဟိုဘဏ်သည် အာမခံအ ဖြစ်ငွေချေးသက်သေခံလက်မှတ်များရယူ၍ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့ထုတ်ချေးသည့်ကာလတိုချေးငွေအပေါ်ရယူသည့် ဗဟိုဘဏ်အတိုးနှုန်းကိုဆိုသည်။

          (ဏ)   သီးသန့်ငွေလိုအပ်ချက် သို့မဟုတ် သီးသန့်ငွေအချိုး ဆိုသည်မှာ ကူးသန်းရောင်းဝယ် ရေးဘဏ်များနှင့် ငွေစုဘဏ်များ၌ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအပ်နှံထား သည့် စုစုပေါင်းအပ်နှံငွေ၏အစိတ်အပိုင်းတစ်ရပ်ကို အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် တစ်ရပ်အဖြစ်ထားရှိရမည့် ဗဟိုဘဏ်၏သတ်မှတ်ချက်ကိုဆိုသည်။

          (တ)    နှစ် ဆိုသည်မှာ နိုင်ငံတော်၏ဘဏ္ဍာရေးနှစ်ကိုဆိုသည်။

          (ထ)    ပုဂ္ဂိုလ် ဟူသောစကားရပ်တွင် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထား သောအဖွဲ့အစည်းတစ်ရပ်ရပ်တို့ပါဝင်သည်။

 

အခန်း(၂)

တည်ထောင်ခြင်း၊ ရည်မှန်းချက်နှင့်ရည်ရွယ်ချက်

၃။      ဗဟိုဘဏ်ကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် ဆက်ဆံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင် ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းအဖြစ် ဤဥပဒေဖြင့် တည်ထောင်သည်။

၄။      ဗဟိုဘဏ်၏ ရုံးချုပ်ကိုနေပြည်တော်တွင်ထားရှိရမည်။ ဗဟိုဘဏ်သည် ဒါရိုက်တာအဖွဲ့၏သ ဘောတူညီချက်ဖြင့် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ ဘဏ်ခွဲများနှင့်ယင်း၏ကိုယ်စားလှယ် ရုံးခွဲများ ဖွင့်လှစ်နိုင်သည်။

၅။      ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းစျေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန် ဖြစ်သည်။

၆။      ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်ချက်နှင့်အညီ အောက်ပါရည်ရွယ်ချက်များ တိုးတက် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရည် -

          (က)    ငွေကြေးတည်ငြိမ်ရေး၊

          (ခ)     ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊

          (ဂ)     ထိရောက်သောငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေး၊

          (ဃ)    ရှင်သန်သောစီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေစီးပွားရေးမူဝါဒများ ကိုအထောက်အကူပြုရေး။

၇။      ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအောင်မြင်စေရန် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိအားအပ်နှင်းထားသည့် လုပ်ပိုင် ခွင့်များကို လွတ်လပ်စွာကျင့်သုံးဆောင်ရွက်နိုင်သည်။

 

အခန်း(၃)

ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်း

၈။      ဗဟိုဘဏ်ကိုဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်။

၉။      (က)   ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ကို ပုဂ္ဂိုလ်ကိုးဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်း၍ ပြည် ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန် ပေးရမည် -

                   (၁)     ဗဟိုဘဏ်ဥက္ကဌ                                               ဥက္ကဌ

                   (၂)     ဗဟိုဘဏ် ဒုတိယဥက္ကဌ သုံးဦး                                      အဖွဲ့ဝင်

                   (၃)     အစိုးရအဖွဲ့က ရွေးချယ်ပေးသော ပြင်ပမှ               အဖွဲ့ဝင်

                             ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ငါးဦး

          (ခ)     ဗဟိုဘဏ်ဥက္ကဌ၏ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ ကျန်ဒါရိုက်တာအဖွဲ့ဝင်များ၏ သက်တမ်းသည် လေးနှစ်ဖြစ်သည်။ ဒါရိုက်တာအဖွဲ့၏ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဆက်တိုက်သက်တမ်း နှစ်ခုထက်ပို၍ ထမ်းဆောင်ခွင့်မရှိစေရ။

          (ဂ)     ဗဟိုဘဏ်၏ ဥက္ကဌနှင့် ဒုတိယဥက္ကဌများသည် ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များကို အချိန်ပြည့် ထမ်းဆောင်ရမည့်အပြင် အခကြေးငွေရရှိသော အခြားမည်သည့်လုပ်ငန်း ကိုမျှ ဆောင်ရွက်ခြင်းမပြုရ။

          (ဃ)    ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏အရာရှိတစ်ဦးအား ဒါရိုက်တာအဖွဲ့၏ ရုံးလုပ်ငန်း တာဝန်များထမ်းဆောင်ရာတွင် တာဝန်ခံအဖြစ်ဆောင်ရွက်ရန် သီးခြားတာဝန်ပေးအပ် ရမည်။

          (င)     ဒါရိုက်တာအဖွဲ့၏ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဗဟိုဘဏ်လုပ်ငန်း၊ စီးပွားရေးပညာရပ်၊ ငွေကြေးနှင့်ဘဏ်လုပ်ငန်း၊ ဥပဒေပညာရပ်၊ စာရင်းကိုင်နှင့်စာရင်းစစ်လုပ်ငန်းတစ်ရပ် ရပ်တွင် အတွေ့အကြုံနှင့်ဗဟုသုတကြွယ်ဝသူများဖြစ်ရမည်။

          (စ)     ဒါရိုက်တာအဖွဲ့ဝင်များသည် မိမိနှင့်မိမိ၏ မိသားစုဝင်များ၏ငွေကြေး သို့မဟုတ် စီးပွားရေးလုပ်ငန်းနှင့်ဆိုင်သော အကျိုးခံစားခွင့်များကို ဒါရိုက်တာအဖွဲ့သို့အပြည့်အစုံ တင်ပြရမည်။

၁၀။    အောက်ပါပုဂ္ဂိုလ်တို့ကို အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းမပြုရ -

          (က)    နိုင်ငံသားမဟုတ်သူ၊

          (ခ)     အဖွဲ့ဝင်တစ်ဦး၏ ဇနီး၊ ခင်ပွန်း၊ မိဘ၊ သားသမီး၊ ညီအစ်ကို မောင်နှမအရင်း၊

          (ဂ)     ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း၏ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ ယင်းအဖွဲ့အစည်း များတွင် ငါးရာခိုင်နှုန်းထက်ပိုသော အကျိုးခံစားခွင့်ပိုင်ဆိုင်သည့် အဓိကအစုရှယ်ယာ ပိုင်ရှင်များ၊

          (ဃ)    ဘဏ်တစ်ခုခု သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခု၏ ဝန်ထမ်းများ၊ ဒါရိုက် တာများ၊ ယင်းအဖွဲ့အစည်းများတွင် ငါးရာခိုင်နှုန်းထက်ပိုသောအကျိုးခံစားခွင့်များကို ဒါရိုက်တာအဖွဲ့သို့ အပြည့်အစုံတင်ပြရမည်။

၁၁။    ဗဟိုဘဏ်၏ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့သည် ဒါရိုက်တာအဖွဲ့က သတ်မှတ်သောချီးမြှင့်ငွေနှင့် စရိတ်များကို ခံစားခွင့်ရှိသည်။ ယင်းချီးမြှင့်ငွေကို ဗဟိုဘဏ်မှကျခံရမည်။

၁၂။    ပြင်ပမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ဒါရိုက်တာအဖွဲ့များသည် ဒါရိုက်တာအဖွဲ့ကသတ်မှတ် သောချီးမြှင့်ငွေနှင့် စရိတ်များကိုခံစားခွင့်ရှိသည်။ ယင်းချီးမြှင့်ငွေကိုဗဟိုဘဏ်မှကျခံရမည်။

၁၃။    လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် နိုင်ငံဝန်ထမ်းအား ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ခန့်အပ်တာ ဝန်ပေးပါက တာဝန်ပေးအပ်သည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်သည် ဟု လည်းကောင်း၊ နိုင်ငံဝန်ထမ်းအဖြစ်မှ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အငြိမ်းစားယူပြီးဖြစ် သည်ဟုလည်းကောင်းမှတ်ယူရမည်။ ထို့ပြင် ဒါရိုက်တာအဖွဲ့ဝင်များသည် နိုင်ငံရေးပါတီအဖွဲ့အစည်း တစ်ခုခု၏ အဖွဲ့ဝင်မဖြစ်ရ။ ပါတီအဖွဲ့အစည်းများ၏လှုပ်ရှားမှုများ၌လည်း ပါဝင်ဆောင်ရွက်ခြင်း   မပြုရ။

၁၄။    ဗဟိုဘဏ်ဥက္ကဌသည် ဗဟိုဘဏ်၏အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်၍ ဗဟိုဘဏ်၏လုပ် ငန်းတာဝန်များကို စီမံခန့်ခွဲခြင်းနှင့်မူဝါဒအကောင်အထည်ဖော်ခြင်းတို့ကို ဒါရိုက်တာအဖွဲ့အားတာဝန် ခံပြီးဆောင်ရွက်ရမည်။

၁၅။    ဗဟိုဘဏ်ဥက္ကဌသည် ဗဟိုဘဏ်ကိုယ်စား အရေးယူဆောင်ရွက်ရန်၊ သဘောတူစာချုပ်များ ချုပ်ဆိုရန်၊ စာချုပ်စာတမ်းများနှင့် စာချွန်လွှာများကို လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့်များရှိသည်။ အဆိုပါလုပ်ပိုင်ခွင့်များကို ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်သည့်အတိုင်း ဗဟိုဘဏ်၏အရာရှိများအား    လွှဲအပ်နိုင်သည်။

၁၆။    ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးကို အောင်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်ပါက ဒါရိုက်တာအဖွဲ့ ဝင်အဖြစ်မှ ရပ်စဲပြီးဖြစ်ရမည် -

          (က)    ပုဒ်မ ၁၀ တွင် ဖော်ပြထားသော ကန့်သတ်ချက်တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း၊

          (ခ)     ထောင်ဒဏ်ချမှတ်ခံရခြင်း၊   

          (ဂ)     ခန့်အပ်သည့် အာဏာပိုင်ထံ နှုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိခြင်း

          (ဃ)    မိမိ၏ တာဝန်ဝတ္တရားများကို စွမ်းဆောင်နိုင်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ခံရခြင်း၊

          (င)     ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးတက်ရောက် ရန် တစ်ဆက်တည်း သုံးလပျက်ကွက်ခြင်း။

၁၇။    နှုတ်ထွက်သွားသော သို့မဟုတ် ရာထူးမှရပ်စဲခြင်းခံရသော သို့မဟုတ် ကွယ်လွန်သွားသော ဒါရိုက်တာအဖွဲ့ဝင်၏ ကျန်ရာထူးသက်တမ်းအတွက် ဤဥပဒေပါသတ်မှတ်ချက်များနှင့်ညီညွတ်သော သင့်လျှော်သူတစ်ဦးဦးကို ဖြည့်စွက်ခန့်ထားရမည်။ ယင်းသို့ဖြည့်စွက်ခန့်ထားခြင်းကို လစ်လပ်မှုပေါ် ပေါက်သည့်နေ့မှ သုံးလအတွင်းပြုလုပ်ရမည်။

၁၈။    ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သင့်လျှော်သောပုဂ္ဂိုလ်များဖြင့် ကော်မတီများကို လိုအပ်သလိုဖွဲ့စည်းနိုင်သည်။ ထိုသို့ဖွဲ့စည်းရာတွင် ယင်းကော်မတီများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုသတ်မှတ်ပေးရမည်။

၁၉။    ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလိုငှာ ဝန်ထမ်းဖွဲ့ စည်းပုံတစ်ရပ် ရေးဆွဲထားရှိရမည်။ ယင်းဖွဲ့စည်းပုံအတွင်းလိုအပ်သောအရာထမ်းများနှင့် အမှုထမ်း များကိုခန့်ထားရမည်။

၂၀။    ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏ဝန်ထမ်းရေးရာကိစ္စများနှင့် စပ်လျှဉ်းသည့် စည်းမျဉ်း စည်းကမ်းများ ခံစားခွင့်များကိုသတ်မှတ်ရမည်။

၂၁။    ဗဟိုဘဏ်သည်ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်ဖြင့် အောက်ပါတို့ကိုဆောင်ရွက်နိုင်သည် -

          (က)    မိမိ၏ဝန်ထမ်းများကို အာမခံဖြင့်ဖြစ်စေ၊ အာမခံမဲ့ဖြင့်ဖြစ်စေ ချေးငွေနှင့်ကြိုတင်ပေး ငွေထုတ်ချေးခြင်း၊

          (ခ)     မိမိ၏ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်အကျိုးခံစားခွင့်ရရှိမှုများအတွက် အငြိမ်း စားဝန်ထမ်းရန်ပုံငွေ သို့မဟုတ် အလားတူအစီအစဉ်များတည်ထောင်ဆောင်ရွက်ခြင်း။

၂၂။     (က)    ဒါရိုက်တာအဖွဲ့၏ ပုံမှန်အစည်းအဝေးကို တစ်လလျှင်အနည်းဆုံးတစ်ကြိမ်ပြုလုပ်ရ မည်။ သို့ရာတွင်ဗဟိုဘဏ်ဥက္ကဌ သို့မဟုတ် ဒါရိုက်တာအဖွဲ့ဝင်အများစု၏ဆန္ဒဖြင့် မည် သည့်အချိန်မဆို အထူးအစည်းဝေးပြုလုပ်နိုင်သည်။

          (ခ)     ဒါရိုက်တာအဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော်တက်ရောက်လျှင် အစည်းအဝေး အထမြောက် သည်။

          (ဂ)     အစည်းအဝေးတွင် သဘာပတိအဖြစ် ဒါရိုက်တာအဖွဲ့ဥက္ကဌကလည်းကောင်း၊ ဥက္ကဌမရှိ သည့်အခါ ဥက္ကဌကတာဝန်ပေးအပ်သည့်ဒါရိုက်တာအဖွဲ့ဝင် ဗဟိုဘဏ်ဒုတိယဥက္ကဌ တစ်ဦးဦးကလည်းကောင်း ဆောင်ရွက်ရမည်။

          (ဃ)    ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များကို တက်ရောက်သောဒါရိုက် တာအဖွဲ့ဝင်အများစု၏ ဆန္ဒမဲဖြင့်ချမှတ်ရမည်။ မဲအရေအတွက်တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့်ဆုံးဖြတ်ချက်ချမှတ်ရမည်။

          (င)     ဒါရိုက်တာအဖွဲ့အစည်းအဝေးများ၌ ပြည်ထောင်စုအစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနနှင့် ပြည်ထောင်စုအစိုးရ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန် ကြီးဌာနများမှ ဒုတိယဝန်ကြီးတို့အား လေ့လာသူများအဖြစ် တက်ရောက်ရန်ဖိတ်ကြား ရမည်။

၂၃။    ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦး၏ အကျိုးခံစားခွင့်များနှင့်ဆက်စပ်လျက်ရှိသောကိစ္စရပ်များကို ဒါရိုက်တာအဖွဲ့က အရေးယူဆောင်ရွက်ရန်လိုအပ်သည့်အခါ ယင်းကိစ္စနှင့်ပတ်သက်သည့် အစည်း အဝေးတွင် ယင်းဒါရိုက်တာအဖွဲ့ဝင်က ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ။

 

အခန်း(၄)

မတည်ငွေရင်းနှင့်အမြတ်ခွဲဝေမှု

၂၄။    နိုင်ငံတော်သည် ဗဟိုဘဏ်၏တစ်ဦးတည်းသောအစုရှယ်ယာပိုင်ရှင်ဖြစ်သည်။ ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းသည် ကျပ်သန်းပေါင်း သုံးသိန်းဖြစ်သည်။ ယင်းအနက်ငွေကျပ်သန်းပေါင်း တစ်သိန်းကို နိုင်ငံတော်ကထည့်ဝင်ပြီးဖြစ်ရမည်။ ဗဟိုဘဏ်၏ခွင့်ပြုမတည်ငွေရင်းနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းတို့ကို အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်တိုးမြှင့်နိုင်သည်။ မတည်ငွေရင်းများကို လျှော့ချခြင်း မပြုရ။

၂၅။    ဗဟိုဘဏ်၏ ရရန်ပိုင်ခွင့်များတန်ဖိုးသည် ပေးရန်တာဝန်များတန်ဖိုးနှင့် ထည့်ဝင်ပြီးမတည် ငွေရင်းနှင့် နှစ်ရပ်ပေါင်းအောက် လျှော့နည်းသည့်အခါ ဗဟိုဘဏ်ကအဆိုပြု၍ အစိုးရအဖွဲ့ကခွင့်ပြု သည့်အတိုင်း ဝန်ကြီးဌာနသည် အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဗဟိုဘဏ်သို့ထုတ်ပေးရ မည်။

၂၆။    ဗဟိုဘဏ်၏နှစ်အလိုက် အသားတင်အမြတ်ငွေတွက်ချက်ရာတွင် နှစ်အတွက်လုပ်ငန်းဆောင် ရွက်မှုအသုံးစရိတ်များကိုထုတ်နုတ်ပြီးနောက်ရလမ်းမရှိသော ကြွေးမြီနှင့် ရရန်မသေချာသောကြွေးမြီ များအတွက် လျာထားခြင်း၊ ရရန်ပိုင်ခွင့်များအတွက် တန်ဖိုးလျော့လျာထားခြင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် အငြိမ်းစားရန်ပုံငွေများအတွက် လျာထားခြင်းတို့ကိုဆောင်ရွက်ပြီး တွက် ချက်ရမည်။ ဗဟိုဘဏ်သည် လိုအပ်သည်ဟုယူဆသော အခြားကိစ္စရပ်များအတွက် လျာထားခြင်းကို လည်း အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သည်။

၂၇။    ဗဟိုဘဏ်သည် အထွေထွေသီးသန့်ငွေစာရင်းကို တည်ထောင်ထားပြီးဖြစ်ရမည်။ နှစ်စဉ် နှစ်ကုန်ဆုံးသည်အခါ အသားတင်အမြတ်ငွေ၏ ၄၀ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏကို ကျပ်သန်း ဂဏန်းအလီလီဖြင့်ဗဟိုဘဏ်၏ ထည့်ဝင်ပြီး မတည်ငွေရင်း၏ တစ်ရာ ရာခိုင်နှုန်းနှင့်ညီမျှသည်အထိ အထွေထွေသီးသန့်ငွေစာရင်းသို့ ခွဲဝေပေးသွင်းရမည်။ အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် အထွေထွေ သီးသန့်ငွေစာရင်းသို့လွှဲပြောင်းသော ငွေပမာဏကို နှစ်စဉ်သတ်မှတ်ရာခိုင်နှုန်းထက်ကျော်လွန်၍ တိုးမြှင့်နိုင်သည် သို့မဟုတ် အထွေထွေသီးသန့်ငွေစာရင်း၏  စုစုပေါင်းငွေကို ဗဟိုဘဏ်၏ထည့်ဝင်ပြီး မတည်ငွေရင်းထက်ကျော်လွန်၍ တိုးမြှင့်နိုင်သည်။

၂၈။    ပုဒ်မ ၂၇ အရ အထွေထွေသီးသန့်ငွေစာရင်းသို့ လွှဲပြောင်းပေးသွင်းပြီးနောက် အသားတင်အ မြတ်ငွေမှကျန်ရှိငွေကို  ပုဒ်မ ၂၅ အရ ထုတ်ပေးထားပြီး ဗဟိုဘဏ်မှကိုင်ဆောင်ထားသော အစိုးရငွေ ချေးသက်သေခံလက်မှတ်များကို ရွေးယူရန်အသုံးပြုရမည်။

၂၉။    ဗဟိုဘဏ်သည် နှစ်စဉ် နှစ်ကုန်ဆုံး၍ အရှုံးပေါ်ပေါက်သည့်အခါ အဆိုပါအရှုံးကို ပုဒ်မ ၂၇ အရ တည်ထောင်ထားသောအထွေထွေသီးသန့်ငွေစာရင်းမှ ခုနှိမ်ရမည်။

၃၀။    ဗဟိုဘဏ်သည် ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ တို့အရ ဆောင်ရွက်ပြီးနောက်ကျန်ရှိသော အသားတင် အမြတ်လက်ကျန်ငွေကို ကျပ်သန်းဂဏန်းအလီလီဖြင့် နှစ်ကုန်ဆုံးပြီးနောက် ပြည်ထောင်စုဘဏ္ဍာငွေ အရ အသုံးခန့်မှန်ခြေငွေစာရင်းသို့ ဆောလျင်စွာလွှဲပြောင်ပေးအပ်ရမည်။

၃၁။    ဗဟိုဘဏ်သည် ခုနှိမ်မှု သို့အဟုတ် ပေးချေမှုစသည်တို့ကို ပြုလုပ်ခြင်းအားဖြင့် မိမိ၏ရရန်ပိုင် ခွင့်သည် ပေးရန်တာဝန်များနှင့် ထည့်ဝင်ပြီးမတည်ငွေရင်းနှစ်ရပ်ပေါင်းအောက် လျော့နည်လိမ့်မည်ဟု ယူဆပါက ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ တို့အရ ဆောင်ရွက်မှုကိုသော်လည်းကောင်း၊ ပုဒ်မ ၃၀ အရ လွဲပြောင်းပေးအပ်မှုတစ်စုံတစ်ရာကိုသော်လည်းကောင်းမပြုလုပ်ရ။

၃၂။    ရွှေ၊ အထူးထုတ်ယူခွင့်များ၊ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုငွေစာရင်းယူနစ်များ သို့မဟုတ် ကျပ်ငွေဖြင့်တန်ဖိုးသင့်ထားသော နိုင်ငံခြားငွေကြေးတို့၏တန်ဖိုးများ သို့မဟုတ် နိုင်ငံခြားငွေလဲလှယ် နှုန်းများတွင် တစ်စုံတစ်ရာပြောင်းလဲမှုကြောင့် ဗဟိုဘဏ်၏ ရွှေ၊ အထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေ ကြေးများ တစ်ရပ်ရပ်ကို တန်ဖိုးပြန်လည်သတ်မှတ်ခြင်းဖြင့် ပေါ်ပေါက်လာသည့် ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ တန်ဖိုပြောင်းလဲမှုများအတွက် အထူးသီးသန့်ငွေစာရင်းတစ်ရပ် တည်ထောင် ထားရမည်။

၃၃။    (က)    ရွှေ၊ အထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေကြေးများနှင့် အပြည်ပြည်ဆိုင်ရာအသိအမှတ် ပြုငွေစာရင်းယူနစ်များ၏ ကျပ်ငွေတန်ဖိုးများကို နိုင်ငံခြားငွေ လဲလှယ်နှုန်းပြောင်းလဲ ခြင်းကြောင့် ပြန်လည်တန်ဖိုးသတ်မှတ်ရာတွင် ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ မည်သည့်နှစ်မှ မည်သည့်အသားတင် အမြတ်ကိုမဆို ယင်းအထူးသီးသန့်ငွေစာရင်းသို့ မြီရှင်စာရင်းရေးသွင်းရမည်။

          (ခ)     ပုဒ်မခွဲ (က) ပါပြောင်းလဲမှုတစ်ခုခုကြောင့် ဖြစ်ပေါ်လာသောဗဟိုဘဏ်မှ မည်သည့်နှစ် မှ မည်သည့်အသားတင်အရှုံးကိုမဆို ယင်းအထူးသီးသန့်ငွေစာရင်းရှိ မြီရှင်လက်ကျန် မှ ခုနှိမ်ရမည်။

          (ဂ)     ပုဒ်မခွဲ (က) တွင်ရည်ညွှန်းသော အသားတင်အမြတ်သည်လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင်ရည်ညွှန်းသောအသားတင်အရှုံးသည်လည်းကောင်း၊ ဗဟိုဘဏ်၏နှစ်စဉ်အသား တင်အမြတ်ငွေတွက်ချက်ရာတွင် မပါဝင်စေရ။

၃၄။    ဗဟိုဘဏ်သည် ဝင်ငွေအပေါ်ကောက်ခံသည့်အခွန်များ၊ တံဆိပ်ခေါင်းခွန်များ သို့မဟုတ် အလားတူအခွန်များနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် အခွန်စည်းကြပ်မှုများမှကင်းလွတ်ခွင့် ရရှိစေရမည်။

၃၅။    ဗဟိုဘဏ်သည် -

          (က)    မိမိ၏ဘဏ္ဍာငွေအပေါ် ရပ်တည်၍ မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့်လုပ်ငန်းများကို ဆောင်ရွက်ရမည်။

          (ခ)     ဘဏ္ဍာရေးနှစ် တစ်နှစ်မစမီ ဗဟိုဘဏ်၏နှစ်စဉ်အရအသုံး ခန့်မှန်ခြေငွေစာရင်းကို ရေးဆွဲ၍ ဒါရိုက်တာအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူရမည်။ ဒါရိုက်တာအဖွဲ့က အတည်ပြုပြီးသော နှစ်စဉ်အရ အသုံးခန့်မှန်ခြေငွေစာရင်းကို အစိုးရအဖွဲ့သို့အစီရင်ခံ တင်ပြသည်နှင့်တပြိုင်နက် ပြည်ထောင်စုလွှတ်တော်သို့လည်း တင်ပြရမည်။

          (ဂ)     ဒါရိုက်တာအဖွဲ့သည် နှစ်စဉ်အရအသုံးခန့်မှန်ခြေငွေစာရင်းကို အကောင်အထည်ဖော် ရန်လိုအပ်သော ဘဏ္ဍာရေးစည်းမျဉ်းများကို ချမှတ်ရမည်။

၃၆။    (က)    ဗဟိုဘဏ်၏စာရင်းများကို ဘဏ်တွင်းစာရင်းစစ်ဌာနက သုံးလပတ်အလိုက်ပုံမှန်စစ် မှန်စစ်ဆေးရမည်။ စာရင်းစစ်ဆေးချက်အစီရင်ခံစာကို ဒါရိုက်တာအဖွဲ့သို့တင်ပြရမည်။

          (ခ)     ဗဟိုဘဏ်၏စာရင်းများကို ဘဏ်တွင်းစာရင်းစစ်ချုပ်က အနည်းဆုံးတစ်နှစ်လျင် တစ်ကြိမ်စစ်ဆေးရမည်။

          (ဂ)     ဗဟိုဘဏ်သည် နှစ်စဉ်နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်ငွေစာရင်းရှင်းတမ်းများကို ရေးဆွဲရ မည်။ ဗဟိုဘဏ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်က မှန်ကန်ကြောင်းလက်မှတ်ရေး ထိုးသည့် အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်းတို့နှင့်အတူ နှစ်ချုပ်အစီရင်ခံစာ ကို အစိုးရအဖွဲ့သို့ နှစ်ကုန်ဆုံးပြီးနောက် ခြောက်လအတွင်းတင်ပြရမည်။

          (ဃ)    ပုဒ်မခွဲ (ဂ) အရ တင်ပြပြီးနောက် ဗဟိုဘဏ်သည် နှစ်ချုပ်အစီရင်ခံစာကို အများပြည် သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။

 

အခန်း(၅)

တာဝန်ခံမှုနှင့် သတင်းအချက်အလက်ထုတ်ပြန်မှု

၃၇။    ဗဟိုဘဏ်သည် ယင်း၏ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးမူဝါဒများချမှတ် ဆောင်ရွက်မှု၊ ရည်ရွယ်ချက်များကိုအကောင်အထည်ဖော်မှုနှင့် နိုင်ငံတော်၏ငွေရေးကြေးရေးအခြေအ နေတို့နှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တစ်နှစ်လျှင်အနည်းဆုံးနှစ်ကြိမ် အစီရင်ခံတင်ပြရမည်။ အဆိုပါအစီရင်ခံစာကို ဝန်ကြီးဌာနသို့လည်း ပေးပို့ရမည်။

၃၈။    ဗဟိုဘဏ်ဥက္ကဌသည်  ငွေကြေးမူဝါဒ၊ ငွေရေးကြေးရေးစနစ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်၏ ငွေရေးကြေးရေးအခြေအနေ သို့မဟုတ် ဗဟိုဘဏ်၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြရမည်။

၃၉။    ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးတည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကို အများပြည်သူသိရှိစေရန် ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သုံးလပတ် အလိုက် ထုတ်ပြန်ကြေညာရမည်။

 

အခန်း(၆)

ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ

၄၀။    ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

          (က)    ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

          (ခ)     နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊

          (ဂ)     အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့်စပ်လျဉ်း၍ အကြံပြုခြင်း၊

          (ဃ)    နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊

          (င)     ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊

          (စ)     ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်း ခြင်း၊

          (ဆ)    ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊

          (ဇ)     ငွေကြေးစျေးကွက်နှင့် နိုင်ငံခြားငွေစျေးကွက်များ စနစ်တကျနှင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ထိန်းကျောင်းကွပ်ကဲခြင်း၊

          (ဈ)     လုံခြုံစိတ်ချရပြီး ခိုင်မာ၍စွမ်းဆောင်ရည်ပြည့်ဝသော ပေးချေမှုစနစ်တစ်ရပ် တိုးမြှင့် ဆောင်ရွက်ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊

          (ည)    ဘဏ်များ၏နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူအဖြစ် ဆောင်ရွက် ခြင်း၊

          (ဋ)     အစိုးရအဖွဲ့၏ ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် အစိုးရအဖွဲ့၏ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊

          (ဌ)     အစိုးရအဖွဲ့၏ ငွေရေးကြေးရေးဆိုင်ရာ အကြံပေးနှင့် ဘဏ္ဍာရေးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊

          (ဍ)     ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အ စည်းများ၏ ဘဏ်အဖြစ်ဆောင်ရွက်ခြင်း၊

          (ဎ)     ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် စာရင်းများဖွင့်လှစ်၍ အပ်ငွေများလက်ခံ ခြင်း၊

          (ဏ)   ဘဏ်လုပ်ငန်း၊ ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေး အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသောအပေး အယူပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရားအားလုံးကို အစိုးရအဖွဲ့ အမည်ဖြင့် တာဝန်ခံဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့ကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

          (တ)    ဤဥပဒေအရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ဆောင်ရွက်ခြင်းကြောင့် ပေါ် ပေါက်လာသော သို့မဟုတ် အကြောင်းသင့်ဆက်စပ်ဖြစ်ပေါ်လာသော လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း၊

၄၁။    ဗဟိုဘဏ်သည် အောက်ပါလုပ်ငန်းများကိုလည်းဆောင်ရွက်ခွင့်ရှိသည် -

          (က)    မိမိအတွက် မိမိအမည်ဖြင့် ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေခြင်းနှင့် ယင်း ငွေချေးသက်သေခံလက်မှတ်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်လည်ကောင်း ၊ အများပြည်သူနှင့်လည်းကောင်း ရောင်းဝယ်ဖောက်ကားခြင်း၊

(ခ)     ငွေချေးသက်သေခံလက်မှတ်များကို အာမခံရယူ၍ ကာလတိုချေးငွေနှင့် ကြိုတင်ပေး ငွေများထုတ်ပေးခြင်း၊

(ဂ)     ငွေရေးကြေးရေးစျေးကွက်များတွင် လိုအပ်သလိုဝင်ရောက်ရောင်းဝယ်ခြင်း၊

(ဃ)    ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ် ပေးခြင်း၊

(င)     မိမိရရန်ရှိသောကြွေးမြီးအတွက် လက်ခံရရှိသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ ရောင်းချ၍ တန်ဖိုးကိုရယူခြင်း၊

(စ)     မိမိသင့်လျော်သည်ဟုယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့်နိုင်ငံခြားငွေ ကြေးအမျိုးအစားဖြင့်မဆို ပြည်ပမှချေးငွေရယူခြင်းနှင့် အဆိုပါချေးငွေများအတွက် အာမခံများထုတ်ပေးခြင်း၊

(ဆ)    ဤဥပဒေအရ တရားစွဲဆိုရန် ခွင့်ပြုမိန့်တောင်းခံလာသည့် ကိစ္စရပ်များကိုအဆုံး အဖြတ်ပေးခြင်း၊

(ဇ)     စာရင်းအင်းများနှင့် သတင်းအချက်အလက်များကောက်ယူခြင်းနှင့် ပြုစုရေးဆွဲခြင်း၊ အဓိကအားဖြင့် နိုင်ငံခြားငွေပေးငွေယူစာရင်းအင်းများရေးဆွဲခြင်းနှင့် တည်ငြိမ်၍ ကောင်းမွန်သည့် နိုင်ငံခြားငွေပေးငွေယူစာရင်းအခြေအနေ တစ်ရပ်ရရှိစေရန် လိုအပ် သောနည်လမ်းများကိုတာဝန်ယူဆောင်ရွက်ခြင်း၊

(ဈ)     ငွေကြေးပမာဏကို လိုအပ်သလိုထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်၏အတိုးနှုန်းကို အခါအား လျော်စွာ ပြင်ဆင်သတ်မှတ်ခြင်း၊

၄၂။    ဗဟိုဘဏ်သည် မိမိ၏လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သောဥပစာများနှင့် လုပ်ငန်းသုံး ပစ္စည်းတို့ကို ဥပဒေနှင့်အညီရယူခြင်း၊ ငှားရမ်းခြင်း၊ ပြင်ဆင်ထားရှိခြင်းနှင့် ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်သည်။

၄၃။    ဗဟိုဘဏ်သည် မိမိရရန်ရှိသည့် ကြွေးမြီများအတွက် မြီစားထံမှရရှိသော မည်သည့်အကျိုးခံ စားခွင့်ကိုမဆို ဖြစ်နိုင်သမျှဆောလျင်စွာ ထုခွဲရောင်းချရမည်။

၄၄။    ဗဟိုဘဏ်သည် -

          (က)    ဤဥပဒေအရ ဗဟိုဘဏ်၏လုပ်ငန်းများနှင့် မကိုက်ညီသည့် အမြတ်ရရှိရေးကိုသာဦး တည်ဆောင်ရွက်သော ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်းများ သို့မဟုတ် အခြားစီးပွာ ရေးဆန်သော ဆောင်ရွက်မှုများကို ဖွဲ့စည်းလုပ်ကိုင်ခြင်း၊ ယင်းတို့တွင် အစုရှယ်ယာ ထည့်ဝင်ခင်းမပြုရ၊

          (ခ)     ဤဥပဒေဖြင့် ခွင့်ပြုထားခြင်းများမှအပ အခြားချေးငွေအမျိုးမျိုးထုတ်ပေးခြင်း မပြုရ၊

 

အခန်း(၇)

ငွေကြေးတည်ငြိမ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်း

၄၅။    ဗဟိုဘဏ်သည် မိမိ၏ငွေကြေးတည်ငြိမ်ရေးရည်ရွယ်ချက်အား အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အောက်ဖော်ပြပါ ငွေကြေးမူဝါဒဆိုင်ရာနည်းလမ်းများကို အသုံးပြုဆောင်ရွက်နိုင်သည်-

          (က)    ငွေရေးကြေးရေးစျေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်း၊

          (ခ)     လျှော့နှုန်းနှင့်တစ်ဆင့်လျှော့နှုန်းတို့ကို သတ်မှတ်ကျင့်သုံးခြင်း၊

          (ဂ)     အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်အား သတ်မှတ်ခြင်း၊

          (ဃ)    ချေးငွေစီမံခန့်ခွဲခြင်းအပါအဝင် အခြားသင့်လျှော်သောနည်းလမ်းများသတ်မှတ်ခြင်း၊

၄၆။    ဗဟိုဘဏ်သည် ပုဒ်မ ၄၅၊ ပုဒ်မခွဲ(က)အရ ဆောင်ရွက်ရာ၌ ငွေရေးကြေးရေးစျေးကွက်တွင် ရောင်းဝယ်မည့် ငွေချေးသက်သေခံလက်မှတ်အမျိုးအစားများနှင့် ချေးငွေအတွက်ရယူမည့် အာမခံ ပစ္စည်းများသတ်မှတ်ခြင်းနှင့် ငွေရေးကြေးရေးစျေးကွက်တွင် ဝင်ရောက်ဆောင်ရွက်မည့် အခြေအနေ များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာရမည်။

၄၇။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးစျေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များ ရောင်း ဝယ်သည့် နည်းလမ်းများကိုအသုံးပြုရာ၌ အောက်ပါတို့ကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လျှော့နှုန်းဖြင့် လဲလှယ်ခြင်းနှင့် တစ်ဆင့်လျှော့နှုန်းဖြင့်လဲလှယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

          (က)    ငွေပေးအမိန့်လက်မှတ်များနှင့် ငွေပေးကတိစာချုပ်များ၊

          (ခ)     အများပြည်သူသို့ ထုတ်ဝေရောင်းချထားသော ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အစိုးရအဖွဲ့ကထုတ်ဝေသည့် သို့မဟုတ် အာမခံသည့်အခြားငွေချေး သက်သေခံလက်မှတ်များ၊

          (ဂ)     ဗဟိုဘဏ်ကထုတ်ဝေထားသော ငွေရေးကြေးရေးဆိုင်ရာ စာချုပ်စာတမ်းများ။

၄၈။    ဗဟိုဘဏ်သည် မိမိ၏လျှော့နှုန်းများ၊ တစ်ဆင့်လျှော့နှုန်းများနှင့် ချေးငွေအပေါ် အတိုးနှုန်း များကို အခါအားလျော်စွာ သတ်မှတ်၍ ထုတ်ပြန်ကြေငြာရမည်။

၄၉။    ဗဟိုဘဏ်သည် အပ်ငွေအမျိုးမျိုးနှင့် အလားတူပေးရန်တာဝန်များအတွက် သီးသန့်ငွေအချိုး များကိုသတ်မှတ်နိုင်သည့်အပြင် ယင်းတို့ကိုတွက်ချက်သည့်နည်းလမ်းကိုလည်း သတ်မှတ်နိုင်သည်။ သို့ရာတွင် ယင်းလိုအပ်သောအချိုးများနှင့် တွက်ချက်သည့်နည်းလမ်းတို့သည် လုပ်ငန်းအမျိုးအစားတူ ဘဏ်များအားလုံးအတွက် တစ်ပြေးညီဖြစ်စေရမည်။

၅၀။    ဗဟိုဘဏ်သည် ဘဏ်များအား ယင်းတို့၏အပ်ငွေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလား တူပေးရန်တာဝန်များအတွက် သီးသန့်ငွေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ငွေသားဖြင့်ဖြစ်စေ၊ ဗဟို ဘဏ်ရှိအပ်ငွေများဖြင့်ဖြစ်စေ၊ ယင်းနှစ်ရပ်ပေါင်းဖြင့်ဖြစ်စေ၊ အခြားသင့်လျော်ရာတွက်ချက်မှုနည်း လမ်းဖြင့်ဖြစ်စေ၊ ဗဟိုဘဏ်ကသတ်မှတ်ပေးသည့်အချိုးအစားအတိုင်းထားရှိစေရမည်။

၅၁။    ပုဒ်မ ၅၀ အရထားရှိရမည့်သီးသန့်ငွေလိုအပ်ချက်ပမာဏအပေါ်တွင် ဗဟိုဘဏ်ကအတိုးပေး နိုင်သည်။

၅၂။    အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်များ၏ ပြောင်းလဲမှုများသည် ဒါရိုက်တာအဖွဲ့ ကသတ်မှတ်သည့်နေ့မှစ၍ အကျိုးသက်ရောက်မှုရှိစေရမည်။ ဗဟိုဘဏ်သည်သတ်မှတ်နေ့ရက်ကို အနည်းဆုံး (၁၄) ရက်ကြိုတင်၍ ထုတ်ပြန်ကြေညာရမည်။

၅၃။    ဗဟိုဘဏ်သည် ယင်း၏ရည်ရွယ်ချက်များပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အခြားသင့်လျော်သော ငွေကြေးမူဝါဒဆိုင်ရာနည်းလမ်းများကို သတ်မှတ်အသုံးပြုနိုင်သည်။ ယင်းသို့ အသုံးပြုရာတွင် ဒါရိုက်တာအဖွဲ့ဝင်အများစု၏သဘောတူညီချက်ဖြင့်သာ သတ်မှတ်ရမည်။

 

အခန်း(၈)

နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားသုံးသီးသန့်ငွေစီမံခန့်ခွဲခြင်း

၅၄။    ဗဟိုဘဏ်၏အကြံပြုချက်ကိုရယူ၍ အစိုးရအဖွဲ့သည် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်ကို သတ် မှတ်ရမည်။

၅၅။    ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို သတ်မှတ်အကောင်အထည်ဖော်ရမည်။

၅၆။    ဗဟိုဘဏ်သည် အခါအားလျော်စွာ သတ်မှတ်ထားသည့်စည်းကမ်းများနှင့်အညီ အောက်ဖော်ပြ ပါလုပ်ငန်းများကိုဆောင်ရွက်နိုင်သည် -

          (က)    ရွှေ သို့မဟုတ် အခြားအဖိုးတန်သတ္တုများကိုဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်း ချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊

          (ခ)     နိုင်ငံခြားသုံးငွေ အပေးအယူပြုလုပ်မှုများတွင် အများလက်ခံအသုံးပြုသောနည်းလမ်း တစ်ခုဖြင့် နိုင်ငံခြားငွေကြေးများကိုဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်း၊

          (ဂ)     နိုင်ငံခြားအစိုးရများ သို့မဟုတ် နိုင်ငံခြားဗဟိုဘဏ်များကထုတ်ဝေသည့် သို့မဟုတ် အာမခံသည့်ငွေတိုက်လက်မှတ်များနှင့် အခြားငွေချေးသက်သေခံလက်မှတ်များ သို့မ ဟုတ် အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ယင်းတို့၏အပြည်ပြည် ဆိုင်ရာအသင်းအဖွဲ့များကထုတ်ဝေသော အစုရှယ်ယာများ သို့မဟုတ် ငွေချေးသက်သေ ခံလက်မှတ်များကိုဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း၊

          (ဃ)    အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်ပရှိဗဟိုဘဏ်များ၊ ငွေကြေး အာဏာပိုင်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် မိမိ၏ငွေစာရင်းများကို ဖွင့် လှစ်ထားရှိခြင်း၊

          (င)     အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်ပရှိဗဟိုဘဏ်များ၊ ငွေကြေး အာဏာပိုင်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် ယင်းတို့ အားကိုယ်စားပြုသူများအတွက် ကိုယ်စားလှယ်အဖြစ် သို့မဟုတ် ဆက်သွယ်သူအဖြစ် ဆောင်ရွက်ခြင်း၊  ငွေစာရင်းများကိုဖွင့်လှစ်ပေးခြင်းနှင့် လုပ်ငန်ဆောင်ရွက်ပေးခြင်း၊

          (စ)     ဗဟိုဘဏ်က သင့်လျော်သည်ဟုယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့် နိုင်ငံခြားငွေကြေးဖြင့်မဆို ငွေချေးယူခြင်းနှင့် အဆိုပါချေးငွေများအတွက် အာမခံပေး ခြင်း။

၅၇။    ဗဟိုဘဏ်သည် မိမိကိုယ်ပိုင်အမည်ဖြင့်ဖြစ်စေ၊ အစိုးရအဖွဲ့ကိုယ်စားဖြစ်စေ၊ အစိုးရအဖွဲ့အ တွက်နှင့် အစိုးရအဖွဲ့၏ အမိန့်အရဖြစ်စေ၊  ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုသဘောတူညီချက်များ သို့မဟုတ် ယင်းကဲ့သို့သဘောသက်ရောက်သည့်စာချုပ်များကို ပြည်ပတွင်တည်ထောင်ထားသည့် အများပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းအမျိုးအစားတူငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ချုပ်ဆိုနိုင် သည်။

၅၈။    ဗဟိုဘဏ်သည် အခါအားလျော်စွာသတ်မှတ်သည့် စည်းကမ်းအချက်များနှင့်အညီ သက်ဆိုင် ရာ ရရန်ပိုင်ခွင့်များနှင့်ဆက်စပ်၍ ဖြစ်ပေါ်နိုင်သော ငွေဖြစ်လွယ်မှုနှင့် ဆုံးရှုံးနိုင်မှုတို့ကို ထည့်သွင်းစဉ်း စား၍  အောက်ပါတို့အနက် အချို့အဝက် သို့မဟုတ် အားလုံးပါဝင်သည့် နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းထားရှိရန်နှင့် စီမံခန့်ခွဲရန် ထာဝန်ယူရမည်။

          (က)    ရွှေ၊

          (ခ)     နိုင်ငံခြားသုံးငွေ၊

          (ဂ)     ဗဟိုဘဏ်က သဘောတူလက်ခံနိုင်သည့် နိုင်ငံခြားငွေကြေးအမျိုးအစားနှင့် နေရာဒေ သများတွင် ပေးချေရမည့်ငွေပေးအမိန့်လက်မှတ်များ၊ ငွေပေးကတိစာချုပ်များ၊

          (ဃ)    အောက်ပါအပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု သီးသန့်ငွေရရန်ပိုင်ခွင့်များ -

                             (၁)     အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရှိ နိုင်ငံတော်၏နိုင်ငံခြားသုံးသီးသန့် ငွေပိုင်ဆိုင်မှု၊

                             (၂)     အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရှိ နိုင်ငံတော်၏အထူးထုတ်ယူခွင့်များ ပိုင်ဆိုင်မှု၊

၅၉။    ဗဟိုဘဏ်သည် -

          (က)    ပုဒ်မ ၅၈ အရ ထိန်းသိမ်းထားရှိသည့် နိုင်ငံခြားသုံးသီးသန့်ငွေကို အပြည်ပြည်ဆိုင်ရာ နှင့် အပေးအယူပြုလုပ်မှုများအတွက် လုံလောက်သည်ဟု မိမိယူဆသည့် ပမာဏနှင့် အညီ ထိန်းသိမ်းထားရှိနိုင်ရန် ဆောင်ရွက်ရမည်။

          (ခ)     နိုင်ငံခြားသုံးသီးသန့်ငွေပမာဏ ကျဆင်းလာလျှင်သော်လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာနှင့် အပေးအယူပြုလုပ်မှုများအတွက် ယင်းနိုင်ငံခြားသုံးသီးသန့်ငွေ၏ လုံလောက်မှုမှာ စိတ်မချရသည့်အတိုင်းအတာအထိ ကျဆင်းမည့်အန္တရာယ်ရှိသည်ဟု ယူဆလျှင်သော်လည်းကောင်း၊ အဆိုပါကျဆင်းမှုကိုဖြစ်စေသော သို့မဟုတ် ဖြစ်စေနိုင် သော အကြောင်းအချက်အလက်များ၊ နိုင်ငံခြားသုံးသီးသန့်ငွေအခြေအနေနှင့် ယင်း အခြေနေကို ကုစားမှုပြုနိုင်ရန် သင့်လျော်သည်ဟုယူဆသော အဆိုပြချက်များပါရှိသည့် အစီရင်ခံစာကို အစိုးရအဖွဲ့ထံတင်ပြရမည်။

          (ဂ)     နိုင်ငံခြားသုံးသီးသန့်ငွေပမာဏ ပုံမှန်အခြေအနေရရှိပြီဟု ယူဆသည့်အချိန်အထိ အဆို ပြုချက်နှင့် အစီရင်ခံစာကို တစ်ကြိမ်လျှင် သုံးလထက်မကျော်လွန်စေဘဲ အစိုးရအဖွဲ့ထံ တင်ပြရမည်။

၆၀။    ဗဟိုဘဏ်သည် နိုင်ငံတော်ကအခါအားလျော်စွာ တင်ရှိလာနိုင်မည့် ပြည်ပကြွေးမြီးများနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်သင့်ကြောင်းကို စည်းကမ်းချက်များ၊ အခြားအချက်အလက်များနှင့် တကွ အစိုးရအဖွဲ့ထံ အကြံပြုတင်ပြနိုင်သည်။ ထိုသို့တင်ပြနိုင်ရန် ဗဟိုဘဏ်သည် နိုင်ငံတော်ကချေး ယူထားသော သို့မဟုတ် အာမခံထားသောနိုင်ငံခြားကြွေးမြီးအားလုံး၏ နောက်ဆုံးလက်ကျန်စာရင်း များကို ဝန်ကြီးဌာနထံမှ တောင်းခံရယူနိုင်သည်။

 

အခန်း(၉)

ပြည်တွင်းသုံးငွေ ထုတ်ဝေခြင်း

၆၁။    ပြည်တွင်းသုံးငွေ၏ အခြေခံယူနစ်သည် “ကျပ်” ဖြစ်သည်။ ငွေတစ်ကျပ်ကို အပိုင်းတစ်ရာပိုင်း ၍ တစ်ပိုင်းကို တစ်ပြားဟုခေါ်ရမည်။ ထိုကျပ်နှင့် ပြားများအတွက် အင်္ဂလိပ်ဘာသာသင်္ကေတများ သည် “K”နှင့် “P” ဟု အသီးသီးဖြစ်ရမည်။

၆၂။    ဗဟိုဘဏ်ကသာလျင် ငွေစက္ကူနှင့်ဒင်္ဂါးများထုတ်ပိုင်ခွင့်ရှိသည်။ ဗဟိုဘဏ်က ထုတ်သောငွေ  စက္ကူများနှင့် ဒင်္ဂါးများသည့် နိုင်ငံတော်တစ်ဝှမ်းလုံးတွင် တရားဝင်ငွေအဖြစ်တည်ရှိစေရမည်။

၆၃။    ဥပဒေနှင့်အညီ ငွေကြေးနှင့်စပ်လျဉ်းသည့် သို့မဟုတ် ငွေကြေးဖြင့်ပေးရန်ရှိသည့် စာချုပ်စာ တမ်း၊ အပေးအယူပြုလုပ်မှုနှင့် သို့မဟုတ် ကြွေးမြီးတာဝန်တစ်ခုခုတွင် နိုင်ငံခြားသုံးငွေဖြင့်ပြုလုပ် ကြောင်းအတိအလင်း သဘောတူညီချက်မရှိခဲ့လျှင် ယင်းကို နိုင်ငံတော်အတွင်းတွင် ကျပ်ငွေဖြင့်ပြု လုပ်သည်ဟုမှတ်ယူရမည်။

၆၄။    ဗဟိုဘဏ်သည် ငွေစက္ကူများပုံနှိပ်ခြင်း၊ ဒင်္ဂါးများသွန်းလောင်းခြင်း၊ ထုတ်ဝေရန်ထားရှိသည့် ငွေစက္ကူများနှင့် ဒင်္ဂါးများကို လုံခြုံစွာသိုလှောင်ထားရှိခြင်းနှင့် ငွေစက္ကူပုံနှိပ်ပလိပ်ပြားများ၊ဒင်္ဂါးညှပ် ပုံများနှင့် ပြန်လည်ရုပ်သိမ်းထားသော ငွေစက္ကူများနှင့် ဒင်္ဂါးများကို လိုအပ်သလိုသိုလှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ရမည်။

၆၅။    ဗဟိုဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါးများ၏တန်ဖိုး၊ အဆင်အပြင်၊ ဖွဲ့စည်းပါဝင်သည့်ဝတ္တု ပစ္စည်းများနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများကို အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် သတ်မှတ် ရမည်။

၆၆။    ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန်လိုအပ်ပါက အစိုးရ အဖွဲ့၏သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက်အခြေအနေကို အနီးစပ်ဆုံး ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၆၇။    (က)    ဗဟိုဘဏ်သည် မိမိထုတ်ဝေထားသည့် တရားဝင်သုံးစွဲလျက်ရှိသော ငွေကြေးများကို လက်ဝယ်ရှိသူက လဲလှယ်ပေးရန်တောင်းခံလာပါက တန်ဖိုးအလိုက်လဲလှယ်ပေး ရမည်။

          (ခ)     ဘဏ်များသည် တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူနှင့်ဒင်္ဂါးများကို အခြားတန်ဖိုး အမျိုးအစားဖြစ်သော တရားဝင်ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးများဖြင့်လဲလှယ်ရန် တောင်း ဆိုသည့်အခါ အခမဲ့လဲလှယ်ပေးရမည်။

          (ဂ)     ပျောက်ဆုံးသော သို့မဟုတ် ခိုးရာပါသော သို့မဟုတ် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဍာန်ပျက်သော ငွေစက္ကူနှင့် ဒင်္ဂါးတစ်ခုခု၏တန်ဖိုးကို ဗဟိုဘဏ်ထံမှ ရပိုင်ခွင့် အဖြစ် မည်သူမျှတောင်းဆိုခွင့်မရှိစေရ။ သို့ရာတွင် ချွတ်ယွင်းသော သို့မဟုတ် ပုံသ ဏ္ဍာန်ပျက်သောငွေစက္ကူနှင့် ဒင်္ဂါးတန်ဖိုးကို လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ စိစစ်၍ ပြန်လည်ထုတ်ပေးနိုင်သည်။

 

အခန်း(၁၀)

ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်း

၆၈။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများ အားလိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့်ရုပ်သိမ်းခြင်း၊ လုပ်ငန်းခိုင်မာကောင်းမွန်စေရန် ကြီးကြပ် စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ယင်းအဖွဲ့အစည်းများ၏ ကြွေးမြီပေးဆပ်နိုင်မှုနှင့်လုပ်ငန်းခိုင်မာမှုတို့ ပိုမိုကောင်းမွန်စေရန် လိုအပ်သလိုညွှန်ကြားနိုင်သည်။

၆၉။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးရာတွင် မိမိဝန်ထမ်း များကိုသော်လည်းကောင်း၊ ဗဟိုဘဏ်တာဝန်ပေးအပ်ထားသောပုဂ္ဂိုလ်များကိုသော်လည်းကောင်း၊ အောက်ပါအတိုင်းတာဝန်ပေးအပ်ဆောင်ရွက်စေနိုင်သည် -

          (က)    ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းခွင်သို့အခါအားလျော်စွာ သွားရောက်၍  စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထားစာရွက်စာတမ်းများနှင့် အခြား မှတ်တမ်းများအားစစ်ဆေးခြင်း၊

          (ခ)     ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ကာလအလိုက်စာရင်းများ၊ မှတ်တမ်းများနှင့် သတင်းအချက်အလက်များကို ၎င်းတို့ထံမှရယူ၍ စစ်ဆေးခြင်း။

၇၀။    ငွေရေးကြေးရေးအဖွဲ့အစည်းသည် ဗဟိုဘဏ်က ယင်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန်အလို့ငှာ လိုအပ်မည့်လုပ်ငန်းဆိုင်ရာအချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအပိုင်းအခြားအလိုက် တောင်းဆိုသည့်အတိုင်းပေးပို့ရမည်။

၇၁။    ဗဟိုဘဏ်သည် ပုဒ် ၇၀ အရ ပေးပို့သောအချက်အလက်အားလုံးကိုသော်လည်းကောင်း၊ တစ် စိတ်တစ်ဒေသကိုသော်လည်းကောင်း သင့်လျော်သည့်အချိန်တွင် တစ်ပေါင်းတစ်စည်းတည်းထုတ်ပြန် ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျဉ်းသည့်  သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်းမပြုရ။

၇၂။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြပ်မတ်ကွပ်ကဲခြင်း၊ ကြီးကြပ်စစ်ဆေး ခြင်းပြုသည့် အခြားအာဏာပိုင်အဖွဲ့အစည်းများထံမှလည်း လိုအပ်သောသတင်းအချက်အလက်များ တောင်းယူနိုင်သည်။

၇၃။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်ကိုတည်ငြိမ်ရေးအတွက် လိုအပ်သည်ဟုယူဆပါက ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ ယင်းမှတာဝန်ရှိသူပုဂ္ဂိုလ်ကိုဖြစ်စေ၊ ယင်းလုပ်ငန်း၏ ငွေရေးကြေးရေးတည်ငြိမ်ရေးအတွက် ဆုံးရှုံးနိုင်ခြေများကိုကာကွယ်ရေး သို့မဟုတ် လျှော့ချရေးအစီ အစဉ်များဆောင်ရွက်ရန် စာဖြင့်ညွှန်ကြားချက်ထုတ်ပြန်နိုင်သည်။

၇၄။    ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုးအပါအဝင် ငွေရေးကြေးရေးအချိုးများနှင့် ယင်းတို့ကို တွက်ချက်သည့် နည်းလမ်းများကို လိုအပ်သလို သတ်မှတ်နိုင်သည်။

၇၅။    ဗဟိုဘဏ်သည် လိုအပ်သည်ဟုယူဆပါက ချေးငွေဆိုင်ရာ သတင်းအချက်အလက်များ သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေချေးရန်ထိုက်တန်မှုကို အကဲဖြတ်သုံးသပ်ရန် ဆီလျော်သက်ဆိုင်သော အခြားသတင်းအချက်အလက်များကို စုစည်းရန်နှင့် စုစည်းရရှိသည့် သတင်းအချက်အလက်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ အသိပေးနိုင်ရန် ချေးငွေသတင်းအချက်အလက်ဌာနကို တည်ထောင်ခွင့်ပြုနိုင်သည်။

 

အခန်း(၁၁)

ငွေကြေးစျေးကွက်နှင့်နိုင်ငံခြားငွေစျေးကွက်ကိုကြီးကြပ်ထိန်းကျောင်းခြင်း

၇၆။    ဗဟိုဘဏ်သည် ငွေကြေးစျေးကွက်နှင့်နိုင်ငံခြားငွေစျေးကွက်အား ကြီးကြပ်ထိန်းကျောင်းရာ တွင် ဗဟိုဘဏ်၏ဝန်ထမ်းများကသော်လည်းကောင်း၊ ဗဟိုဘဏ်မှတာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ် များကသော်လည်းကောင်း အောက်ပါအတိုင်းဆောင်ရွက်နိုင်သည် -

          (က)    ငွေကြေးစျေးကွက်နှင့် နိုင်ငံခြားငွေစျေးကွက်တွင်ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ၏လုပ်ငန်းခွင်သို့အခါအားလျော်စွာ သွားရောက်၍ စာရင်းများ၊ စာရင်းစာအုပ်များ၊ အ ထောက်အထားစာရွက်စာတမ်းများနှင့် အခြားမှတ်တမ်းများအား စစ်ဆေးခြင်း၊

          (ခ)     ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များ၏ကာလအလိုက်စာရင်းများ၊ မှတ်တမ်းများနှင့်သတင်း အချက်အလက်များကို ၎င်းတို့ထံမှရယူ၍ စစ်ဆေးခြင်း။

၇၇။    ငွေကြေးစျေးကွက်နှင့် နိုင်ငံခြားငွေစျေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များသည် ဗဟိုဘဏ်က ယင်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်ရန်အလို့ငှာ လိုအပ်မည့်လုပ်ငန်း ဆိုင်ရာအချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအပိုင်းအခြားအလိုက် တောင်းဆိုသည့်အတိုင်း ပေးပို့ရမည်။

၇၈။    ဗဟိုဘဏ်သည် ပုဒ်မ ၇၇ အရ ပေးပို့ထားသည့်အချက်အလက်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း သင့်လျော်သည့်အချိန်တွင် တစ်ပေါင်းတစ်စည်းတည်း ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် စပ်လျဉ်းသည့်သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်းမပြုရ။

 

 

 

အခန်း(၁၂)

ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်ကို ကြီးကြပ်ထိန်းကျောင်းခြင်း

၇၉။    ဗဟိုဘဏ်သည် လုံခြုံမှုနှင့် ထိရောက်မှုရှိသောငွေပေးချေမှုစနစ်ဖြစ်စေရန် ဤဥပဒေနှင့် အခြား သက်ဆိုင်ရာဥပဒေပါ သတ်မှတ်ပြဌာန်းချက်များနှင့်အညီလျောက်ထားလာသည့် အဖွဲ့အစည်းတစ်ရပ် ရပ်အား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ယင်းလုပ်ငန်းကို ကြီးကြပ်စစ်ဆေး ခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်ရမည်။

၈၀။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ချက်လက်မှတ်များ၊ အခြား နည်းတစ်ရပ်ရပ်ဖြင့်ငွေပေးချေမှုများနှင့် ငွေပေးချေမှုအဖြစ်အသုံးပြုသည့် စာချုပ်စာတမ်းများကို စာရင်းရှင်းလင်းပေးရန် စာရင်းရှင်းလင်းရေးအဖွဲ့များကို လိုအပ်သည့်နေရာများတွင် ဖွဲ့စည်းနိုင် သည်။

၈၁။    ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ သည် ဗဟိုဘဏ်က အခါအားလျော်စွာထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရမည်။

၈၂။    ဗဟိုဘဏ်သည် ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုလုပ်ငန်းများကို ကြီးကြပ်ထိန်းကျောင်းရာ တွင် ဗဟိုဘဏ်၏ဝန်ထမ်းများကသော်လည်းကောင်း၊ ဗဟိုဘဏ်မှခန့်အပ်တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များကသော်လည်းကောင်း အောက်ပါအတိုင်းဆောင်ရွက်နိုင်သည် -

          (က)    ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်ပုဂ္ဂိုလ်၏ လုပ်ငန်းခွင်သို့ အခါအားလျော်စွာသွားရောက်၍ စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထားစာရွက်စာတမ်းများနှင့်အခြားမှတ်တမ်းများအားစစ်ဆေးခြင်း၊

          (ခ)     ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များ၏ကာလအလိုက်စာရင်းများ၊ မှတ်တမ်းများ၊ သတင်းအ ချက်အလက်များကို ၎င်းတို့ထံမှရယူ၍ စစ်ဆေးခြင်း။

၈၃။    ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်သည့်ပုဂ္ဂိုလ်များသည် ဗဟိုဘဏ်ကယင်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်ရန်အလို့ငှာ လိုအပ်မည့်လုပ်ငန်း ဆိုင်ရာအချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအပိုင်းအခြားအလိုက် တောင်းဆိုသည့်အတိုင်းပေးပို့ရမည်။

၈၄။    ဗဟိုဘဏ်သည် ပုဒ်မ ၈၃ အရ ပေးပို့ထားသောအချက်အလက်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုလည်းကောင်း၊ သင့်လျော်သည့်အချိန်တွင် တစ်ပေါင်းတစ်စည်းတည်း ထုတ်ပြန် ကြေညာနိုင်သည်။ သို့ရာတွင်အများပြည်သူနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျှဉ်းသည့် သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်းမပြုရ။

 

အခန်း(၁၃)

ဘဏ်များ၏ နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူအဖြစ်ဆောင်ရွက်ခြင်း

၈၅။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ရန်  သို့မဟုတ် လျော့နည်းစေရန်ရည်ရွယ်၍ အောက်ပါတို့ကို ဆောင်ရွက်နိုင်သည် -

          (က)    ဘဏ်များအား ချေးငွေအကူအညီပေးခြင်း၊

          (ခ)     မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ဘဏ်များ၏ရုံးချုပ်များနှင့် မြန်မာ နိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ်များ၏ ပင်မရုံးခွဲကိုသာ ငွေထုတ်ချေးခြင်း၊

          (ဂ)     မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်များ၏ ပြည်ပရှိဘဏ်ခွဲများ၊ ရုံးခွဲများအား ငွေကြေးနှင့်အခြားလိုအပ်သောအကူအညီများပေးရန်အစီအစဉ်များကို အခြားသောဗဟိုဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

၈၆။    ဘဏ်များက ငွေကြေးလွယ်ကူမှုတိုးတက်ကောင်းမွန်စေရေးအတွက် ငွေရေးကြေးရေးအကူ အညီတောင်းခံလာသည့်အခါ ဗဟိုဘဏ်သည် အောက်ပါအချက်များကိုအခြေခံ၍ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ အချိန်ကာလအားဖြင့် ၉၂ ရက်ထက်အပိုစေဘဲ ယာယီချေးငွေများကို သင့်လျော်သော အတိုးနှုန်းဖြင့်ထုတ်ချေးနိုင်သည် -

          (က)    ကြွေးမြီပြန်လည်ပေးဆပ်နိုင်စွမ်းရှိပြီး ချေးငွေအတွက်လုံလောက်သောအာမခံပေးနိုင် သည့်ဘဏ်ဖြစ်ခြင်း၊

          (ခ)     ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ငွေရေး ကြေးရေးအကူအညီပေးရန်  လိုအပ်သည့်ဘဏ်ဖြစ်ခြင်း။

၈၇။    ဗဟိုဘဏ်သည် သက်ဆိုင်ရာဘဏ်၏ကုစားမည့်နည်းလမ်းများကို ဖော်ပြထားသော အရေးယူ ဆောင်ရွက်မည့်အစီအစဉ်အပေါ်အခြေခံစဉ်းစား၍ နောက်ထပ်သက်တမ်းတစ်ကြိမ်ကို အချိန်ကာလ အားဖြင့် ၉၂ ရက်ထက်မပိုစေဘဲ ထပ်မံတိုးမြှင့်နိုင်သည်။

၈၈။    ဗဟိုဘဏ်သည် အများပြည်သူအကျိုးကိုသယ်ပိုးဆောင်ရွက်ရန်နှင့် အရေးပေါ်ငွေကြေးလိုအပ် ချက်များကိုဖြည့်ဆည်းပေးရန် လိုအပ်သည်ဟုယူဆပါက ချေးငွေကိုနောက်ထပ်သက်တမ်းတစ်ကြိမ် မက တိုး၍ထုတ်ချေးနိုင်သည်။

၈၉။    ဗဟိုဘဏ်သည် ချေးငွေရယူသည့်ဘဏ်က ကုစားသည့်အရေးယူဆောင်ရွက်မှုနည်းလမ်းများ ကို  အကောင်အထည်ဖော်ခြင်းမရှိကြောင်း သို့မဟုတ် ယင်းအရေးယူဆောင်ရွက်မှုများသည် ရည်မှန်း သည့်အတိုင်းအောင်မြင်မှုမရရှိကြောင်း စိစစ်တွေ့ရှိပါက ယင်းဘဏ်အား သတ်မှတ်ချက်များနှင့်အညီ အရေးယူရမည်။

 

အခန်း(၁၄)

အစိုးရအဖွဲ့၏ငွေရေးကြေးရေးကိစ္စရပ်များဆောင်ရွက်ခြင်

၉၀။    ဗဟိုဘဏ်သည်အစိုးရအဖွဲ့၏အပ်ငွေများကိုလက်ခံပြီး အစိုးရအဖွဲ့၏ကိုယ်စားယင်းငွေစာရင်း များမှ ငွေပေးချေမှုများပြုလုပ်ပေးရမည်။ ထို့ပြင်ယင်းလုပ်ငန်းကို အခြားဘဏ်တစ်ခုကို လွှဲအပ်နိုင် သည်။

၉၁။    ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်၏ခွင့်ပြုချက်ဖြင့် အစိုးရအဖွဲ့သို့ချေးငွေထုတ်ချေးနိုင် သည်။ ထိုသို့ထုတ်ချေးရာတွင် အောက်ပါအတိုင်းဆောင်ရွက်ရမည်-

          (က)    ချေးငွေအတွက်စည်းကမ်းချက်များကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့အခါအားလျော်စွာ ညှိနှိုင်းသတ်မှတ်ရမည်။

          (ခ)     ချေးငွေများကို အတိုးပေးသောလွှဲပြောင်းနိုင်ခွင့်ရှိသည့် အများဆုံးသက်တမ်း ၉၂ ရက် သာရှိသော အစိုးရငွေချေးသက်သေခံလက်မှတ်များဖြင့် ဝန်ကြီးဌာနကအာမခံရမည်။

၉၂။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အများပြည်သူလက်ဝယ်ရှိ အစိုးရငွေချေး သက်သေခံလက်မှတ်များကို ဝယ်ယူခြင်းနှင့်ရောင်းချခြင်းပြုလုပ်နိုင်သည်။

၉၃။    ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ နိုင်ငံတော်သို့ထုတ်ချေးထားသော ချေးငွေလက် ကျန်အားလုံးကို အတိုးပေးသောလွှဲပြောင်းနိုင်သည့် အစိုးရငွေချေးသက်သေခံလက်မှတ်များဖြင့် အစိုးရအဖွဲ့က ဗဟိုဘဏ်သို့လွှဲပြောင်းပေးရမည်။ အဆိုပါလွှဲပြောင်းပေးသည့်အစိုးရငွေချေးသက်သေ ခံလက်မှတ်များပြန်လည်ရွေးနှုတ်ရန်အစီအစဉ်ကို ဝန်ကြီးဌာနနှင့်ဗဟိုဘဏ်တို့ညှိနှိုင်းဆောင်ရွက်ရ မည်။

၉၄။    ဗဟိုဘဏ်သည် လေ့လာသုံးသပ်ရန်လိုအပ်သော ငွေရေးကြေးရေးနှင့်စီးပွားရေးဆိုင်ရာစာရင်း အင်း၊ သတင်းအချက်အလက်များနှင့် စာရွက်စာတမ်းများကို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံ မှတောင်းခံရယူခွင့်ရှိသည်။ ဗဟိုဘဏ်သည် အစိုးရအဖွဲ့၏တောင်းခံချက်အရဖြစ်စေ၊  မိမိသဘော အလျောက်ဖြစ်စေ မိမိ၏လေ့လာသုံးသပ်ချက်များကို အစိုးရအဖွဲ့ထံ တင်ပြအစီရင်ခံရမည်။

၉၅။    ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အများပြည်သူသို့ရောင်းချမည့် အစိုးရ အဖွဲ့၏ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့ထံအကြံပေးရမည်။

 

အခန်း(၁၅)

စီမံခန့်ခွဲရေးဆိုင်ရာအရေးယူခြင်း

၉၆။    ဗဟိုဘဏ်သည် ပုဒ်မ ၄၉ နှင့် ပုဒ်မ ၅၀ တို့အရ သတ်မှတ်ပေးသည့်အချိုးနှင့်အညီလိုအပ်သော သီးသန့်ငွေထားရှိရန် ပျက်ကွက်သည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုထံမှ ယင်း ၏လိုအပ်သောသီးသန့်ငွေပြည့်မီစေရန် လျော့နည်းသည့်ငွေပမာဏအပေါ်တွင် ဒဏ်ကြေးသတ်မှတ်၍ တောင်းခံရယူနိုင်သည်။

၉၇။    ဗဟိုဘဏ်ကသတ်မှတ်သည့် ငွေရေးကြေးရေးအချိုးများကို လိုက်နာရန်ပျက်ကွက်သောမည် သည့်ပုဂ္ဂိုလ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းမဆို ဤဥပဒေပါပြဌာန်းချက်များအရ လည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် ဥပဒေများအရလည်းကောင်း စီမံ ခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်များကျခံစေရမည်။

၉၈။    ပုဒ်မ ၉၆ အရ ဗဟိုဘဏ်၏အရေးယူဆောင်ရွက်မှုတစ်ခုခုသည် အမျိုးတူငွေရေးကြေးရေးအဖွဲ့ အစည်းအားလုံးကို ခွဲခြားခြင်းမပြုဘဲ တစ်ပြေးညီဖြစ်စေရမည်။ ထို့ပြင် အရေးယူဆောင်ရွက်မှုသည် နောက်ကြောင်းပြန်အကျိုးသက်ရောက်ခြင်းမရှိစေရ။

 

အခန်း( ၁၆)

တားမြစ်ချက်များ

၉၉။    မည်သူမျှ ဗဟိုဘဏ်၏ခွင့်ပြုချက်မရရှိဘဲ အောက်ပါတို့ကိုမပြုလုပ်ရ -

          (က)    ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးတစ်ခုခုကိုဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်ပြုလုပ်ခြင်း၊

          (ခ)     ငွေစက္ကူကိုဖြစ်စေ၊ ဒင်္ဂါးကိုဖြစ်စေ အကျိုးအမြတ်ရယူလိုခြင်းငှာ ရောင်းဝယ်ဖောက် ကားခြင်း။

၁၀၀။  ဗဟိုဘဏ်၏မည်သည့်ဒါရိုက်တာအဖွဲ့ဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်မျှ မိမိ၏တာဝန် ဝတ္တရားများကို ဆောင်ရွက်ရာမှ သိရှိလာသည့်ပုဂ္ဂိုလ်တစ်ဦးဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကို သော်လည်းကောင်း၊ ယင်းပုဂ္ဂိုလ်၏ငွေအပေးအယူပြုလုပ်မှုများ၊ ဝင်ငွေပမာဏ၊ ဝင်ငွေရလမ်း၊ အမြတ်များ၊ အရှုံးများ၊ အသုံးစရိတ်များနှင့်စပ်ဆိုင်သည့် သတင်းအချက်အလက်များကိုသော်လည်း ကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုချက်မရှိဘဲထုတ်ဖော်ပြောဆိုခြင်း၊ စစ်ဆေးစေခြင်း သို့ မဟုတ် ကြေညာခြင်းမပြုလုပ်ရ။

၁၀၁။  မည်သူမျှဗဟိုဘဏ်ကထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့်လွှဲပြောင်းနိုင်သောစာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုမှန်းသိလျှက်နှင့် သုံးစွဲခြင်းမပြုလုပ်ရ။

၁၀၂။  မည်သူမျှဗဟိုဘဏ်ကထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့်လွှဲပြောင်းနိုင်သောစာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကိုပြည်ပမှတင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းမပြု လုပ်ရ။

 

အခန်း(၁၇)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၁၀၃။  မည်သူမဆို ပုဒ်မ ၉၉ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင်ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်။

၁၀၄။  ဗဟိုဘဏ်၏မည်သည့်ဒါရိုက်တာအဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်မဆို ပုဒ်မ ၁၀၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူ ကိုငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေချမှတ်ရမည်။

၁၀၅။  မည်သူမဆိုပုဒ်မ ၁၀၁ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၀၆။  မည်သူမဆို ပုဒ်မ ၁၀၂ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ရ မည်။ ထို့ပြင်ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၁၀၇။  မည်သူမဆိုဤဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို အားပေးကူညီလျှင်ဖြစ်စေ၊ ကျုးလွန် ရန်အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရန်ပူးပေါင်းကြံစည်လျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဌာန်းထားသော ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။

 

အခန်း(၁၈)

အထွေထွေ

၁၀၈။  ဗဟိုဘဏ်ဥက္ကဌသည် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်ဖြစ်ပြီး ဗဟိုဘဏ်ဒုတိယဥက္ကဌများ သည် ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ ဖြစ်သည်ဟုမှတ်ယူရမည်။

၁၀၉။  ဤဥပဒေပါပြစ်မှုများအနက် ပုဒ်မ ၁၀၃ နှင့် ၁၀၄ တို့ကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအ ဖြစ် သတ်မှတ်သည်။

၁၁၀။  ပုဒ်မ ၁၀၃ သို့မဟုတ် ၁၀၄ အရ တရားစွဲဆိုရာတွင်ဗဟိုဘဏ်၏ကြိုတင်ခွင့်ပြုချက် ရယူရ မည်။

၁၁၁။  ဤဥပဒေပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက ဤဥပဒေအရသာ အရေးယူရမည်။

၁၁၂။  တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သို့ပေးရန်ရှိသည့် ကြွေးမြီး များကို နိုင်ငံတော်ကရရန်ပိုင်ခွင့်များမှတစ်ပါး အခြားရရန်ပိုင်ခွင့်အားလုံးထက် ဦးစားပေးရမည်။

၁၁၃။  ဗဟိုဘဏ်ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါပြဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၁၁၄။  ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အပိုဒ် ၁၄၉ သည် ဗဟိုဘဏ်ကတရားစွဲဆို သည့် အမှုအားလုံးနှင့်သက်ဆိုင်စေရမည်။

၁၁၅။  ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ ဥပဒေအမှတ် ၁၅ / ၉၀) အရ တည်ထောင်ထားသောမြန်မာနိုင်ငံတော်ဗဟိုဘဏ်ပိုင်ရွှေ့ ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်း များကိုလည်းကောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့်ပေးရန်တာဝန် များကိုလည်းကောင်း အသီးသီးဆက်ခံရမည်။

၁၁၆။  ဗဟိုဘဏ်သည် ဤဥပဒေပါလုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကိုလွပ်လပ်စွာကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်။ လက်တွေ့ဆောင်ရွက်နိုင်ရန်အခက်အခဲရှိပါကလွယ်ကူချောမွေ့စွာအသွင်ကူး ပြောင်းနိုင်ရန်နှင့် လိုအပ်သောပြင်ဆင်ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် နိုင်ငံတော်သမ္မတက အသွင်ကူး ပြောင်းရေးကာလတစ်ရပ်ကို ဤဥပဒေပြဌာန်းသည့်နေ့ရက်မှ အများဆုံးတစ်နှစ်အထိသတ်မှတ်၍ ခွင့် ပြုနိုင်သည်။ ယင်းကာလ၌ ဗဟိုဘဏ်သည် မိမိ၏မူလလုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဆက်လက်ဆောင်ရွက်နိုင်သည်။

၁၁၇။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁၅ / ၉၀ ) အရ တည်ထောင်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြုလုပ်ခဲ့သည့် သို့မဟုတ် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်များသည် ဤဥပဒေအရဆက်ခံသည့်ဗဟိုဘဏ်ကချုပ်ဆို သည့် သဘောတူစာချုပ်များ ဖြစ်သည်ဟု မှတ်ယူရမည်။

၁၁၈။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ((နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁၅ / ၉၀ ) ကို ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်။ ယင်းဥပဒေကိုရုပ်သိမ်းလိုက်သော်လည်း ယင်းဥပဒေအရ တည်ထောင်ထားရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့သည် ဤဥပဒေ အရ ဆက်ခံမည့်ဒါရိုက်တာအဖွဲ့အား တာဝန်ဝတ္တရားများ လွှဲအပ်ပေးသည့်နေ့အထိလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိစေရမည်။

၁၁၉။  ရုပ်သိမ်းလိုက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့  ဥပဒေ အမှတ် ၁၅ / ၉၀ ) အရဖြစ်စေ၊ အခြားလုပ်ပိုင်ခွင့်တစ်ခုခုအရဖြစ်စေ ထုတ် ပြန်သည့်နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုဤဥပဒေ နှင့်မဆန့်ကျင်သရွှေ့ဆက်လက်ကျင့်သုံးနိုင်သည်။

၁၂၀။  ဤဥပဒေပါပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေး အပ်သောတာဝန်ကို သဘောရိုးဖြင့်ဆောင်ရွက်သူကိုပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမ ကြောင်းအရသော်လည်းကောင်း အရေးယူခြင်းမပြုရ။

၁၂၁။  ဤဥပဒေပါပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဗဟိုဘဏ်သည် လို အပ်သောနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြား ချက် များနှင့် လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

  • အဖွဲ့အစည်း နိုင်ငံခြားရေးရာနှင့်ဥပဒေရေးရာဌာန
  • ကဏ္ဍ General

file_downloadဒေါင်းလုပ်