အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ လမ်းညွှန်ချက်
၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ
(February 2009)
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကျန်းမာရေးဝန်ကြီးဌာန
ကျန်းမာရေးဦးစီးဌာန
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန
အမှတ်၃၅၊ မင်းကျောင်းလမ်း ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
(ဖုန်း-၉၅-၁-၂၄၅၃၃၀၊၂၄၅၃၃၂)
အလှကုန်ပစ္စည်းများမှတ်တမ်းတင်ခွင့်ပြုရန်ကနဦးလျှောက်ထားခြင်း
၁။ အလှကုန်ပစ္စည်းများကို ဈေးကွက်တင်ရောင်းချမည့် တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သည် အလှကုန်ပစ္စည်းများကို ဈေးကွက်မတင်မီ ကျန်းမာရေးဦးစီးဌာန၊ အစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေးဌာနသို့ သတ်မှတ်ပုံစံ အမှတ်(၁)ဖြင့် လျှောက်ထား ရမည်။
၂။ အလှကုန်ပစ္စည်းအမျိုးတူ၊ အဆင်ကွဲများနှင့် အရောင်အမျိုးမျိုးတို့အတွက် အလှကုန် ပစ္စည်းမှတ်တမ်းတင်ခွင့် လျှောက်လွှာတစ်စောင်ဖြင့် လျှောက်ထားနိုင်သည်။ သို့သော် အရောင်တစ်ခုချင်းအတွက် ကန့်သတ်ပစ္စည်းပါဝင်မှု ရာခိုင်နှုန်းများကို တင်ပြလျှောက် ထားရမည်။ကနဦး တင်ပြ လျှောက်ထားသည့်စာရင်းတွင် မပါဝင်သည့်အရောင်များ အတွက် ကိုမူ သီးခြား အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့်အသစ် လျှောက်ထားရမည်။
၃။ လျှောက်လွှာကို ပုံနှိပ်စာလုံးဖြင့် ဖြည့်စွက်ရမည်။
၄။ လျှောက်လွှာတွင် ထည့်သွင်းဖေါ်ပြထားသော အချက်အလက်များကို သင့်လျော်သော ရည်ညွှန်းချက်များဖြင့်ဖေါ်ပြရမည်။
၅။ စာရွက်စာတမ်း အထောက်အထားများကို “အလှကုန်ပစ္စည်းမှတ်တမ်းတင်ရာတွင် လိုအပ် သောအထောက်အထား စာရွက်စာတမ်းများစာရင်း”တွင်ဖေါ်ပြထားသည့် အစီအစဉ် အတိုင်း ပူးတွဲတင်ပြလျှောက်ထားရမည်။
၆။ အထောက်အထားစာရွက်စာတမ်းများမပြည့်စုံသည့် လျှောက်လွှာများကို လက်ခံမည် မဟုတ်ပါ။
၇။ လျှောက်ထားလွှာကို အလှကုန်ပစ္စည်းများပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သူ ကိုယ်တိုင် တင်ပြလျှောက်ထားရမည်။
၈။ အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့်ကို ပယ်ချခြင်းခံရသော လျှောက်ထားမှုများတွင် တင်ပြ လျှောက်ထားခဲ့သည့် စာရွက်စာတမ်းများကို ပြန်လည်တောင်းဆိုရယူခွင့်မရှိပါ။
၉။ အလှကုန်ပစ္စည်း မှတ်တမ်းတင်လက်မှတ်သည် အသိအမှတ်ပြုထုတ်ပေးထားသည့်နေ့မှစ၍ (၂)နှစ်တိတိ သက်တမ်းရှိသည်။
မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍
ပြောင်းလဲမှုများပြုလုပ်ခြင်း
၁။ မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ အချက်အလက်တစ်ခုခု ကိုပြင်ဆင်ပြောင်းလဲမှုများပြုလုပ်လိုပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၏ ခွင့်ပြုချက်ဖြင့်သာပြုလုပ်ရမည်။
၂။ ထိုသို့ပြုလုပ်ရန်အတွက် အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့် အသိအမှတ်ပြုလက်မှတ်ရရှိ ထား သူသည် ပြောင်းလဲမှုပြုလုပ်ရသည့် အကြောင်းရင်းများကိုဖေါ်ပြ၍ “အလှကုန်ပစ္စည်း မှတ်တမ်းတင်ခွင့်လျှောက်လွှာတွင် ပြောင်းလဲမှုများပြုလုပ်ခြင်း” အတွက်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့လျှောက်ထားရမည်။
၃။ အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့် အသိအမှတ်ပြုလက်မှတ် မိတ္တူတစ်စောင်ကို လျှောက် ထားလွှာနှင့်အတူပူးတွဲတင်ပြရမည်။
အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့် သက်တမ်းတိုးခြင်း
၁။ အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့် သက်တမ်းတိုးခြင်းကို မှတ်တမ်းတင်သည့်သက်တမ်း မကုန်ဆုံးမီ (၁)လအလိုတွင် လျှောက်ထားရမည်။
၂။ သက်တမ်းတိုးလျှောက်ထားခြင်းကို အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့် လျှောက်ထားခြင်း တွင်ဖေါ်ပြခဲ့သည့်အတိုင်းဆောင်ရွက်ရမည်။
၃။ အထောက်အထား စာရွက်စာတမ်းလိုအပ်မှုများမှာ ကနဦးလျှောက်ထားခြင်းနှင့် အတူတူ ပင်ဖြစ်သည်။ သို့သော်အကြောင်းအရာအချက်အလက်အသစ်များကိုမူ ပြင်ဆင်ပြောင်းလဲ တင်ပြပေးရမည်။
၄။ အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့် သက်တမ်းတိုးရန်ပျက်ကွက်ပါက မှတ်တမ်းတင်သည့် သက်တမ်းကုန်ဆုံးသောနေ့ရက်မှစ၍ မှတ်တမ်းတင်ထားခြင်းသည် ပျက်ပြယ်ပြီး ဖြစ်ပေမည်။
အလှကုန်ပစ္စည်းများမှတ်တမ်းတင်ခွင့် လျှောက်ထားခြင်းတွင် လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ
၁။ အလှကုန်ပစ္စည်းတင်သွင်းသူများ/ဖြန့်ဖြူးရောင်းချသူများအတွက်
(က) အလှကုန်ပစ္စည်းပိုင်ရှင် (သို့မဟုတ်)ထုတ်လုပ်သူထံမှ တရားဝင်ကိုယ်စားလှယ် ဖြစ်ကြောင်းထောက်ခံချက်မိတ္တူ၊
(ခ) ပြည်တွင်းကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းလိုင်စင်(သို့မဟုတ်) ကုမ္ပဏီမှတ်ပုံတင် လက်မှတ်မိတ္တူ၊
(ဂ) မူလထုတ်လုပ်သောနိုင်ငံတွင် အလှကုန်ပစ္စည်းမှတ်တမ်းတင်ထားပြီးကြောင်း အသိ အမှတ်ပြုလွှာ၊
(ဃ) ပါဝင်ပစ္စည်းစာရင်း အပြည့်အစုံနှင့် ကန့်သတ်ထားသောပါဝင်ပစ္စည်းများ၏ ပါဝင်မှုအချိုးအစားရာခိုင်နှုန်းများ၊
(င) အလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်ဖေါ်ပြချက်အပြည့်အစုံ မူရင်းတစ်စုံ၊
(ပြင်ပထုပ်ပိုးပစ္စည်းနှင့် မူလထည့်သွင်းထုပ်ပိုးထားသောပစ္စည်း)
၂။ အလှကုန်ပစ္စည်းထုတ်လုပ်သူများအတွက်
(က) ထုတ်လုပ်သူ၏ စီးပွားရေးလုပ်ငန်းလိုင်စင်မိတ္တူ၊
(ခ) ပုဂ္ဂလိကစက်မှုလက်မှု မှတ်ပုံတင်လက်မှတ်မိတ္တူ၊
(ဂ) အလှကုန်ပစ္စည်း ထုတ်လုပ်ခွင့်လိုင်စင်မိတ္တူ၊
(ဃ) ပါဝင်ပစ္စည်းစာရင်းအပြည့်အစုံနှင့် ကန့်သတ်ထားသောပါဝင်ပစ္စည်းများ၏ပါဝင်မှု အချိုးအစားရာခိုင်နှုန်းများ၊
(င) အလှကုန်ပစ္စည်း၏အမှတ်တံဆိပ်ဖေါ်ပြချက်အပြည့်အစုံ မူရင်းတစ်စုံ၊
(ပြင်ပထုပ်ပိုးပစ္စည်းနှင့် မူလထည့်သွင်းထုပ်ပိုးထားသောပစ္စည်း)
အလှကုန်ပစ္စည်းအမှတ်တံဆိပ်ဖေါ်ပြခြင်းဆိုင်ရာ လိုအပ်ချက်များ
၁။ အောက်ပါအချက်များကို အလှကုန်ပစ္စည်း၏ ပြင်ပထုပ်ပိုးပစ္စည်းပေါ်တွင်ဖြစ်စေ၊ မူလ ထည့်သွင်းထုပ်ပိုးထားသောပစ္စည်းပေါ်တွင်ဖြစ်စေ ဖေါ်ပြထားရမည်။
(က) အလှကုန်ပစ္စည်း၏ အမည်နှင့် ၎င်း၏အသုံးဝင်ပုံ(အကယ်၍ အလှကုန်ပစ္စည်းပုံစံ တင်ပြထားမှုဖြင့် မရှင်းလင်းသေးလျှင်)၊
(ခ) အလှကုန်ပစ္စည်း အသုံးပြုပုံအညွှန်း (အကယ်၍အလှကုန်ပစ္စည်း၏အမည် သို့မဟုတ် ပုံစံတင်ပြထားမှုဖြင့်မရှင်းလင်းသေးလျှင်)၊
(ဂ) ကန့်သတ်ထားသောပစ္စည်းပါဝင်မှုရာခိုင်နှုန်းများနှင့်တကွ ပါဝင်ပစ္စည်းစာရင်း အပြည့်အစုံ၊
(ဃ) ထုတ်လုပ်သည့်နိုင်ငံ၊
(င) ကုန်ပစ္စည်းကိုဈေးကွက်တင်သည့် တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ၏ အမည်နှင့်လိပ်စာ၊
(စ) မက်ထရစ်စနစ်သို့မဟုတ် မက်ထရစ်နှင့်အင်္ဂလိပ်စနစ် နှစ်မျိုးစလုံးဖြင့်ဖေါ်ပြ ထားသော ပါဝင်ပစ္စည်းများ၏စုစုပေါင်းအသားတင်အလေးချိန် သို့မဟုတ် ထုထည်၊
(ဆ) ထုတ်လုပ်မှုအပါတ်စဉ်နံပါတ်၊
(ဇ) ထုတ်လုပ်သည့်နေ့စွဲ သို့မဟုတ် သက်တမ်းကုန်သည့်နေ့စွဲ၊
(ဈ) အသုံးပြုရာတွင်သတိထားရမည့်အချက်များ၊
၂။အထက်ပါအချက်အလက်များကို သုံးစွဲသူပြည်သူများ နားလည်သဘောပေါက်နိုင်စေရန် အင်္ဂလိပ်ဘာသာနှင့်/သို့မဟုတ် မြန်မာဘာသာစကားတို့ဖြင့်ဖေါ်ပြရမည်။
အလှကုန်ပစ္စည်းနှင့် သက်ဆိုင်သောအချက်အလက်များ
၁။အလှကုန်ပစ္စည်းကို ဈေးကွက်တင်ရောင်းချမည့်တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် အောက်ဖေါ်ပြပါကုန်ပစ္စည်းနှင့်ပတ်သက်သောအချက်အလက်များကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဌာနသို့ အဆင်သင့်တင်ပြနိုင်ရန် ပြုစုထိန်းသိမ်းထားရှိရမည်။
(က) အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့်လျှောက်ထားသည့်လျှောက်လွှာမိတ္တူနှင့်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ ထုတ်ပေးထားသော အသိအမှတ်ပြု လက်မှတ်မူရင်း၊
(ခ) အလှကုန်ပစ္စည်းပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်လွှဲစာ သို့မဟုတ် သဘော တူညီမှုစာချုပ်မူရင်း၊
(ဂ) ပြည်တွင်းကုမ္ပဏီ၏ လုပ်ငန်းလိုင်စင်နှင့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မူရင်း၊
(ဃ) အလှကုန်ပစ္စည်းတွင် ပါဝင်သောပစ္စည်းများ၏ ပါဝင်မှုပမာဏ၊ ရေမွှေးနှင့်ပတ်သက် ၍ ပါဝင်ပစ္စည်းအမည်နှင့် ကုန်ပေးသွင်းသူ၏ သတ်မှတ်နံပါတ်များ
(င) ကုန်ကြမ်းသို့မဟုတ် ပါဝင်ပစ္စည်းများ၏ တစ်ခုချင်း၏ အရည်အသွေးနှင့်အကျိုး သက်ရောက်မှု ဖေါ်ပြချက်၊
(စ) ကုန်ကြမ်းပစ္စည်းများ၏ (ရေအပါအဝင်)နှင့် ကုန်ချောပစ္စည်း၏ အသေးစိတ် သတ်မှတ်ချက်များ၊
(ဆ) အလှကုန်ပစ္စည်း၏ ပါဝင်ပစ္စည်းများသည် ဓါတ်ခွဲစစ်ဆေးထောက်ခံစာနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးနိုင်ရန် ထုတ်လုပ်သူမှအသုံးပြုသော ဓါတ်ခွဲနည်း လမ်းများ၊
(ဇ) အလှကုန်ပစ္စည်း၏ အဏုဇီဝထိန်းချုပ်မှုနှင့် ဓါတုပစ္စည်းများသန့်စင်မှုတို့အတွက် အသုံးပြုသော စံချိန်စံညွှန်းများဖေါ်ပြရန်နှင့်/၎င်းစံချိန်စံညွှန်းနှင့်ကိုက်ညီကြောင်း စစ်ဆေးသောနည်းလမ်းများ၊
(ဈ) အလှကုန်ပစ္စည်းနှင့် ထုပ်ပိုးပစ္စည်းများ၏ အရည်အသွေးထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်၊
(ည) အလှကုန်ပစ္စည်းများ၏ အရည်သွေးတည်မြဲကောင်းမွန်ကြောင်းကို စမ်းသပ်ထား သော အချက်အလက်မှတ်တမ်းများ(သို့မဟုတ်) သက်တမ်းကုန်ဆုံးသည့်နေ့အထိ အရည်အသွေး ကောင်းမွန်မှုတည်မြဲကြောင်း အထောက်အကူပြုစစ်ဆေး လေ့လာ ချက်များ၊
(ဋ) အာဆီယံ အလှကုန်လမ်းညွှန်ချက်ပါအတိုင်း ကောင်းမွန်သောကျင့်စဉ်ဖြင့် ထုတ်လုပ်ကြောင်းဖေါ်ပြသည့် ထုတ်လုပ်မှုနည်းစံနစ် ဖေါ်ပြချက်(သို့မဟုတ်) မူလ ထုတ်လုပ်သောနိုင်ငံမှ ထုတ်ပေးထားသည့် ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ် လက်မှတ်၊
(ဌ) ကုန်ချောတွင် ပါဝင်သောပစ္စည်းများ ၊၎င်း၏ဓါတုဖွဲ့စည်းပုံ၊ သုံးစွဲမှုအနည်းအများ အလိုက် လူတို့၏ကျန်းမာရေးအပေါ် အန္တရာယ် ကင်းရှင်းကြောင်းစစ်ဆေး လေ့လာ ချက်များ(အလှကုန်ပစ္စည်းနှင့်ပတ်သက်၍အန္တရာယ်ကင်းရှင်းမှုကို စစ်ဆေး လေ့လာ သူ၏ အမည်၊အရည်အချင်းနှင့်တကွထင်မြင်ယူဆချက်မှတ်တမ်း)
(ဍ) အလှကုန်ပစ္စည်း သုံးစွဲခြင်းကြောင့် မလိုလားအပ်သော လူသားတို့၏ ကျန်းမာရေးထိခိုက်မှုမှတ်တမ်းများ၊
(ဎ) အလှကုန်၏ ပါဝင်ပစ္စည်းသို့မဟုတ် ဓါတ်ခွဲစမ်းသပ်မှုကိုအခြေခံ၍ အကျိုး သက်ရောက်မှုမှန်ကန်ကြောင်း အထောက်အကူပြုအချက်အလက်များ၊
(ဏ) လိုအပ်ပါက အလှကုန်ပစ္စည်းများ ပြန်လည်သိမ်းဆည်းမှုကိစ္စရပ်များဆောင်ရွက်နိုင် ရန်အတွက် ထားရှိရမည့် ကုန်ပစ္စည်းဖြန့်ဖြူးမှုမှတ်တမ်းများ၊
၂။ အထက်ဖေါ်ပြပါ အလှကုန်ပစ္စည်းနှင့်သက်ဆိုင်သော အချက်အလက်များအား အင်္ဂလိပ်ဘာသာနှင့်/သို့မဟုတ် မြန်မာဘာသာစကားတို့ဖြင့် ဖေါ်ပြရမည်။
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
- ကဏ္ဍ General