စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၂  ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းတို့ တက်ရောက်အမှာစကားပြောကြားသည်။

    ရှေးဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က အဖွင့်အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အုပ်ချုပ်ရေးစနစ်ထိရောက်မှုနှင့် ပြည်သူများ၏ အစိုးရအပေါ် ယုံကြည်မှုတို့ကို ထိခိုက်စေနိုင်သော အရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် လူတိုင်းလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဖြင့် အဂတိလိုက်စားမှု၏ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်းပြောကြားသည်။

    ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုအမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အများပြည်သူ အသိပညာပေးခြင်းဆိုသည့် နည်းလမ်း (၃) သွယ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေး အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံးပျံ့နှံ့စေရန် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ လက်ဆင့်ကမ်းသင်ကြားပြသပေးရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထပ်ဆင့်မျှဝေပေးကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိဝန်ထမ်းများက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး ခေါင်းဆောင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

   အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမင်းမင်း၊ ဦးဝင်းမြင့်ခိုင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်း (၆၀၀) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အွန်လိုင်းဖြင့်တက်ရောက်သူ အရာထမ်း၊ အမှုထမ်း (၁၀၀) ဦး၊ စုစုပေါင်း (၇၀၀) ဦးနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Agency Ministry of Commerce
Category General