မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၆ သို့ ကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

၁။         မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို ယနေ့နံနက်ပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာန၊ ရုံးအမှတ်-၅၂၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။

  ၂။       ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် (၃၂) ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီအစည်းအဝေးနှင့် ဆက်စ အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ Chatrium Hotel Royal Lake တွင် ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ ပါကြောင်း၊ ပြည်သူများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းမြင့်မားလာစေရေးနှင့် ကျန်းမာ ကြံ့ခိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးသည် နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိက ကျသောကဏ္ဍဖြစ်သည့်အတွက်ကျန်းမာရေးဝန်ဆောင်မှုများကို စားသုံးသူကာကွယ်ရေးလုပ်ငန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊  အမျိုးသား စားသုံးသူကာကွယ်ရေးအစီအစဉ်  (၂ဝ၂၆-၂ဝ၃ဝ ပြည့်နှစ်) အထိ ၅ နှစ်ကာလအတွက် အဓိက လုပ်ငန်းစဉ် (၆) ရပ်ဖြင့် ရေးဆွဲထားသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ စားသုံးသူတိုင်ကြားမှု (၁၉၇) မှုအနက် ဖြေရှင်းပြီးစီးမှု (၁၄၉) မှု ဖြစ်ပြီး ဖြေရှင်းရန်ကျန် (၄၈) မှု ကျန်ရှိနေသည့်အတွက် အမှုများကို ဆက်လက်ဖြေရှင်းဆောင်ရွက် သွားရန် မှာကြားလိုပါကြောင်း၊ ဥပဒေနှင့်အညီ ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စစ်ဆေးရေးအရာရှိ (၅၈၉) ဦးကို ခန့်အပ်ထားပြီးဖြစ်ပါ‌ကြောင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပိုမိုကောင်းမွန်သည့်ထုတ်ကုန် များကို သတ်မှတ်ချက်များနှင့်အညီ ပိုမိုမြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။

 ၃။     ထို့နောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အတွင်းရေးမှူး စားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများ၊ ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကော်မရှင်က အဆုံးအဖြတ်ပေးရမည့် အမှာစာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။

၄။      မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) သို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

Agency Ministry of Commerce
Category General