စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်ပန်တက်စ်နည်းပညာကုမ္ပဏီသို့ သွားရောက်လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် “(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ” သို့ တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် (၀၉:၃၀) နာရီအချိန်တွင် ယူနန်စက်မှုဖွံ့ဖြိုးရေးဇုန်တွင် တည်ရှိသော  ယူနန်ပန်တက်စ်နည်းပညာကုမ္ပဏီ ( Yunnan Pan Test Technology Company ) ထံ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လယ်ယာထွက်ကုန်များစမ်းသပ်စစ်ဆေးနေမှု အခြေအနေကို လိုက်လံရှင်းလင်း ပြသခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလားအလာ များကိုလည်းကောင်း၊ မြန်မာ့လယ်ယာထွက်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စွာဖြင့် တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရင်းနှီးစွာဆွေးနွေးခဲ့ပါသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ယူနန်ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Agency Ministry of Commerce
Category General