ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးအိန္ဒိယသမ္မတနိုင်ငံ၊ကော်လ်ကတ္တားမြို့တွင်ကျင်းပခဲ့သည့်“အိန္ဒိယကုန်သည်ကြီးများအသင်းနှစ်ပတ်လည်စုံညီအစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ်တက်ရောက်

   နေပြည်တော်၊ နိုဝင်ဘာ ၁၃   အိန္ဒိယသမ္မတနိုင်ငံ၊ကုန်သည်များအသင်း (Indian Chamber of Commerce–ICC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၊ ITC Sonar Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် “အိန္ဒိယကုန်သည် ကြီးများအသင်းနှစ်ပတ်လည်စုံညီအစည်းအဝေး” သို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

   အစီအစဉ်အရ ဖွင့်ပွဲအခမ်းအနားအား အိန္ဒိယနိုင်ငံ စံတော်ချိန်(၁၇:၀၀)နာရီမှ စတင်ခဲ့ရာ အဆိုပါစုံညီအစည်းအဝေးသို့ အိန္ဒိယနိုင်ငံအစိုးရကုန်လမ်းပို့ဆောင်ရေး၊ အဝေးပြေးလမ်းနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ဝန်ကြီးအငြိမ်းစားဗိုလ်ချုပ်ကြီး Dr.V.K. Singh (Retd.) ၊ပြည်ပရေးရာနှင့်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး Dr. Rajkumar Ranjan Singh ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အိန္ဒိယကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC) ဥက္ကဋ္ဌ Mr. Pradeep Sureka ဦးဆောင်သော အိန္ဒိယကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ အိန္ဒိယကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

   ဆက်လက်၍ မြန်မာ-အိန္ဒိယကုန်သွယ်ဆက်ဆံရေး(Special Session on India-Myanmar Trade Relations) ဆွေးနွေးမှုအပိုင်းတွင် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင်  နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့်ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ကုန်သွယ်မှုပိုမိုတိုးတက်စေရေးအတွက် နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စများ၊ နှစ်နိုင်ငံကြားချုပ်ဆိုထားသော ပဲစင်းငုံနှင့်မတ်ပဲရောင်းဝယ်ရေးစာချုပ်တွင် ပဲတီစိမ်းနှင့်အခြားပဲအမျိုးအစားများပါ ထည့်သွင်းနိုင်ရေး၊ နှစ်နိုင်ငံကုန်စည်များပွဲများ ကျင်းပနိုင်ရေးနှင့် နှစ်ဖက်ကုန်သည်များကြား ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုဆောင်ရွက်လျက်ရှိသော စီမံကိန်းအခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပူးတွဲကော်မတီများနှင့် နယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီ အစရှိသည့် ဆက်သွယ်မှုယန္တယားများ ပိုမိုရင်းနှီးခိုင်မာအောင်တည်ဆောက်ရေးနှင့် နှစ်နိုင်ငံကြားတွင် နိုင်ငံတကာ၊ ဒေသတွင်းနှင့်နှစ်နိုင်ငံချင်း စသည့်အလွှာအလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

   ထို့နောက် တက်ရောက်လာသူများက မေးမြန်းဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ စုံညီအစည်းအဝေးပြီးဆုံးပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC) မှ တည့်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင်ကော်လ်ကတ္တားမြို့၊ JW Marriot Hotel တွင် ကျင်းပသည့် အိန္ဒိယနိုင်ငံစက်မှုထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ကောင်စီ (Engineering Export Promotion Council - EEPC) ဖိတ်ကြားခဲ့သော ကုန်သွယ်မှုဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် EEPC India အဖွဲ့အစည်း၏ ဥက္ကဋ္ဌ Mr.Arun Kumar Garodia၊ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုကော်မတီ ဥက္ကဋ္ဌ Mr.Tsuhar Shah နှင့် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌMr. Binod Sadra နှင့်အတူ အသင်းဝင်စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှပ်နှံသူများတက်ရောက်ခဲ့ကြပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့်အလားအလားများ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံကုန်သွယ်မှုတွင်သုံးစွဲနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သည်များ အနေဖြင့် Asian Clearing Union (ACU)  ငွေပေးချေမှုယန္တယားကို အသုံးပြု၍ ကုန်သွယ်မှုဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ (၁၄:၀၀) အချိန်၊ ကော်လ်ကတ္တားမြို့၊ Bangal Club တွင် အိန္ဒိယပို့ကုန်အဖွဲ့ချုပ် (Federation of Indian Export Organization-FIEO)မှ ဖိတ်ကြားခဲ့သော နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်စေရေးအတွက် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ FIEO ဥက္ကဋ္ဌ Mr. Yogesh Gupta နှင့်အတူ အဖွဲ့ဝင်များ၊ အိန္ဒိယရင်းနှီးမြှပ်နှံသူများနှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေးအလားအလားကောင်းများ ဆွေးနွေးပြောကြားခဲ့ပြီးနောက် အိန္ဒိယကုန်သည်လုပ်ငန်းရှင်များ သိရှိလိုသည်များကို ဖြေကြားပေးခဲ့ပါသည်။ ဆက်လက်၍ (၁၅:၃၀) အချိန်တွင် အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ Mr. Vishal Singh မှ ပြည်ထောင်စုဝန်ကြီးအား ကော်ကတ္တားမြို့ BangalClupဧည့်ခန်းမဆောင်၌ဂါဝရပြုလာရောက်တွေ့ဆုံခဲ့ပါသည်။ထိုသို့တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးက မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ အထူးသဖြင့် ပဲမျိုးစုံများကို အိန္ဒိယနိုင်ငံမှ ပိုမိုဝယ်ယူပေးနိုင်ရေးအတွက်ဆွေးနွေးခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည်အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ (၁၂)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက် လိုသော၊ မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုပိုမိုမြှင့်တင်ရန်စိတ်ဝင်စားသော ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

   တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့မှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကိုပဏမရှင်းလင်းပြောကြားခဲ့ပြီးနောက် အိန္ဒိယကုန်သည်များအသင်းမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr. Ragaeev Singh မှ အိန္ဒိယနိုင်ငံမှ တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှပ်နှံသူများတစ်ဦးချင်းအား မိတ်ဆက်ပေးခဲ့ပါသည်။ ထိုနောက် အိန္ဒိယကုန်သည်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံနှင့်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   အဆိုပါအစည်းအဝေးသို့  ကဏ္ဍအသီးသီးမှ  စုစုပေါင်းကုမ္ပဏီ (၁၅) ခု ပါဝင်တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Agency Department of Trade
Category General