မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ (၂) ၌ ကျင်းပပြု လုပ်ခဲ့သည့် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အထူးစီးပွားရေးဇုန်များတိုးတက်ရန် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကို အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ သီလဝါ အထူးစီးပွားရေးဇုန်၏လုပ်ငန်းများ ချောမွေ့စွာဆက်လက် လည်ပတ်နိုင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်း၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရေးနှင့် ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ထိုင်းနိုင်ငံ နှင့် ညှိနှိုင်းဆွေးနွေးသွားရန်ကိစ္စများကို ဆွေးနွေးပြောကြား ခဲ့သည်။ ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအား အသေးစိတ်တင်ပြ ဆွေးနွေး ခဲ့ကြသည်။

          အဆိုပါအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Agency Department of Trade
Category General