လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြား

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

          အစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြား ရာတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး အဖွဲ့အနေဖြင့် တောင်သူ လယ်သမားများ နည်းပညာ အပြည့်အဝရရှိစေရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများ လွယ်ကူအဆင်ပြေစွာ ပံ့ပိုးနိုင်ရေးနှင့် လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းရရှိရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များကို ကာမိစေပြီးထိုက်သင့်သည့်အကျိုးအမြတ်ရရှိစေသည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို နှစ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးထွက်ရှိမည့် စပါးသီးနှံများကို အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ပေးနိုင်ရန်အတွက် လက်ရှိဓါတ်မြေသြဇာ၊ သွင်းအားစုဈေးနှုန်းများ၊ အခြေခံစားကုန်များ ဈေးနှုန်းများ၊ ကမ္ဘာ့ဆန်ဈေးကွက်ပေါက်ဈေးနှုန်းစသည့် အချက်အလက်များအပေါ်အခြေခံ၍ အဆိုပြုဈေးနှုန်းတစ်ရပ်ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပေးစေလိုပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များက အခြေခံရည်ညွှန်း စပါးဈေးနှုန်းသတ်မှတ်အဆိုပြုနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြရာ ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Agency Department of Trade
Category General